အမေကျေနပ်ပါပြီ သားရယ် (၁)
သာသနာနှစ်မျိုး
မြတ်စွာဘုရားသာသနာတော်တွင် ဘိက္ခုသာသနာ၊ ဘိက္ခုနီသာသနာ-ဟု နှစ်မျိုးနှစ်စား ရှိခဲ့ပါတယ်။ အမျိုးသား အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုသာသနာဟု သုံးနှုံးပြီး၊ အမျိုးသမီး အာဇာနည် ပုဂ္ဂိုလ်များ အိမ်ယာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါလျက် မြတ်စွာဘုရား သာသနာကို ၀င်ရောက်သောအခါ ဘိက္ခုနီသာသနာဟု သုံးနှုံးခဲ့ပါတယ်။
ဘိက္ခုသာသနာ
မြတ်စွာဘုရားသာသနာတော်တွင် ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့ပါတယ်။ မြတ်စွာဘုရား သစ္စာလေးပါးကို သိပြီးသည့်နောက် ဓမ္မစကြ်ာတရားတော်ကို ဟောတော်မူသည်မှ အစပြု၍ ဘိက္ခုသာသနာ အရင်ပေါ်ထွန်းခဲ့တယ်။ ဘိက္ခုသာသနာသို့ အရင်ဝင်ရောက်လာသူမှာ အရှင်ကောဏ္ဍညမထေရ် ဖြစ်ပြီး၊ သစ္စာလေးပါးကို မြတ်ဗုဒ္ဓသိရှိပြီးနောက် အရင်အဦးဆုံး သိရှိသူလည်းဖြစ်တယ်။
ဘိက္ခုနီသာသနာ
ဘိက္ခုသာသနာ ပေါ်ထွန်းပြီးနောက် မိထွေးတော် ဂေါတမီကြီး၏ အကြိမ်ကြိမ် တိုက်တွန်းတောင်းပန်မှု၊ အရှင်အာနန္ဒာ၏ ကူညီပေးမှုတို့ကြောင့် ဘိက္ခုနီသာသနာခေါ် ရဟန်းအမျိုးသမီးသာသနာ ပေါ်ပေါက်လာခဲ့တယ်။ အမျိုးသမီး ရဟန်းမသာသနာသို့ အရင်ဝင်ရောက်လာကြသူများမှာ မိထွေးတော် ဂေါတမီကြီးနဲ့ သာကီဝင် မင်းသမီး ငါးရာတို့ဖြစ်ကြတယ်။ အမျိုးသမီး ရဟန်းမသာသနာတွင် သစ္စာလေးပါး အရင်းဆုံးသိသူမှာ မိထွေတော် ဂေါတမီကြီး ဖြစ်ခဲ့တယ်။
ဧတဒဂ်
ဧတဒဂ်၏ အဓိပ္ပါယ်မှာ အသာလွန်ဆုံး အထူးချွန်ဆုံး-ဟု အဓိပ္ပါယ်ရတယ်။ ဗုဒ္ဓမြတ်စွာသာသနာမှာ ဘိက္ခုသာသနာရော ဘိက္ခုနီသာသနာမှာပါ ဧတဒဂ်ဘွဲ့များကို မြတ်ဗုဒ္ဓက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့တယ်။
ရတ္တညူဧတဒဂ်
ရတ္တညူဧတဒဂ်ဆိုတာ ဗုဒ္ဓမြတ်စွာသာသနာမှာ ၀ါအကြီးဆုံး၊ သစ္စာလေးပါးကို ဗုဒ္ဓမြတ်စွာက လွဲရင် အရင်ဆုံးသိသူကို မြတ်ဗုဒ္ဓက ချီးမြှင့် ပေးအပ်ခဲ့တဲ့ ဘွဲ့ထူး ဂုဏ်ထူးကြီးဖြစ်တယ်။ အဲဒီ ဘွဲ့ထူး ဂုဏ်ထူးကြီးကို အမျိုးသားရဟန်းသာသနာမှာ အရှင်ကောဏ္ဍည မထေရ်က ရရှိပိုင်ဆိုင်ပြီး၊ အမျိုသမီး ရဟန်းမသာသနာမှာ မိထွေးတော်ကြီးက ရရှိပိုင်ဆိုင်ခဲ့တယ်။
သီတင်းသုံးနေထိုင်ရာ
တစ်ချိန်တုန်းက လောကကြီးကို အသိဉာဏ်တွေ ထွန်းလင်းပေးခဲ့တဲ့ မြတ်ဗုဒ္ဓဟာ ဝေသာလီပြည်ရဲ့အနီး မဟာဝုန်တောကြီးအတွင်း ကူဋာဂါရသာလာကျောင်း (စုလစ်မွန်းချွန်တွေနဲ့ တန်ဆာဆင်ထားတဲ့ ဇရပ်)မှာ သီတင်းသုံး နေထိုင်တယ်။ အဲဒီအချိန်မှာ မိထွေးတော် ဂေါတမီကြီးကတော့ ဝေသာလီမြို့ထဲမှာ အမျိုးသမီးတို့ ပျော်စံရာ ဘိက္ခုနီမကျောင်းတိုက်တာမှာ သီတင်းသုံးနေထိုင်တယ်။
စဉ်းစားမိပြီ
အဲဒီလို အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သီတင်းသုံး နေထိုင်ရင်း တစ်နေ့မတော့ မိထွေးတော်ကြီးရဲ့ စိတ်ထဲမှာ စဉ်းစားမိတယ်။
သြော် . . . သားတော်ဘုရား မြတ်ဗုဒ္ဓ၊ အဂ္ဂသာဝကကြီးများဖြစ်တဲ့ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန်၊ မြေးတော်လေး အရှင်ရာဟုလာ၊ ငါ့ကို ဘိက္ခုနီမသာသနာ တည်ထောင်ခွင့် ရအောင် ကြိုးပမ်းပေးခဲ့တဲ့ အရှင်အာနန္ဒာတို့ ခန္ဓာကိုယ်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို ငါဖူးမြော်ခွင့် ရတော့မဟုတ်ဘူး၊ လို့ ဆုံးဖြတ်ချက်ချ စဉ်းစားမိလိုက်တာနဲ့ မဟာပထ၀ီမြေကြီးက ချက်ချင်းတုန်လှုပ်၊ အင်မတန်မှ ကြည်လင်သန့်ရှင်းနေပြီး မိုးတိမ်၊ မိုးသား၊ မိုးရိပ်တို့ ကင်းစင်နေတဲ့ ကောင်းကင်ကြီးကလဲ ချက်ချင်းဆိုသလို ညို့မှောင်တက်လာပြီး မိုးတွေ အရမ်းခြိမ်းလာတယ်။
(ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံတာက မဟာသက္ကရာဇ် ၁၄၈-ခုနှစ်၊ သက်တော်က ၈၀၊ ယသော်ဓရာ စံတာက ၁၄၆၊ အသက်က ၇၈၊ သားတော်လေးရာဟုလာက မိခင် ယသော်ဓရာထက်စော၊ အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလာန် တို့က မဟာသက္ကရာဇ် ၁၄၇-ခုနှစ်မှာ အသီးသီး ခန္ဓာ့ဝန်တွေ ရုပ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းခဲ့တယ်။ စကားချပ်။ )
နတ်တွေက ငိုကြတယ်
မိထွေးတော်ကြီး ဆုံးဖြတ်ချက် ချလိုက်တာကို ပထမဦးဆုံးသိတာ ကျောင်းနားတစ်ဝိုက်မှာ ရှိနေတဲ့ နတ်တွေပဲ၊ သူတို့က သိတော့ ငိုကြတာပေါ့။ ( သူတို့ငိုတာက တို့ ရွှေမြန်မာတွေ ငိုတာနဲ့မတူဘူး။ တို့ရွှေမြန်မာတွေက မဖြစ်နိုင်တာကို တမ်းတပြီးငိုကြတာ။ သေတဲ့ လူကို ကိုင်ပြီး အမလေး၊ ထကြည့်ပါအုံး - စသည်ဖြင့် ငိုကြတယ်။
မျိုးစုံပါပဲ။ သေတဲ့လူက ဘယ်လိုလုပ် ထကြည့်နိုင်မလဲ။ စဉ်းစားစရာတွေ၊ ထိုင်းနိုင်ငံမှာတော့ အတုယူစရာကောင်းတယ် အသံထွက်ပြီး ဘယ်သူမှ မငိုဘူး၊ မျက်ရည်တွေ စီးကြရုံလောက်ပဲ၊ အသုဘအထိမ်းအမှတ်နဲ့ ၀တ်စုံနက်ကို ၀တ်ဆင်ကြတယ်။ စကားချပ်။ ) နောက်ပြီး ကောင်းကင်က စတုမဟာရာဇ် အစရှိတဲ့ ရာဂမကင်းနိုင်သေးတဲ့ နတ်တွေမှန်သမျှ ငိုကြတယ်။
နတ်တွေ ရှိစေ သရဲတွေမရှိစေနဲ့
ဒါကတော့ စကားချပ် အနေနဲ့ ပြောချင်တာပါ။ ကောင်းကင်က နတ်တွေဟာ လူ့ပြည်ကို လာရမှာ အရမ်းကြောက်တယ်။ လူ့ပြည်က နံလို့တဲ့။ ဘာတွေ နံသလဲ ဆိုတာတော့ ကိုယ်ဟာကိုယ်ပဲ တွေးကြည့်တော့။ အနံ့ချင်း မတူကြဘူးနော်။ သတိထားကြ။ စာဖတ်သူတို့ သတိထားမိကြမှာပါ။ တို့နိုင်ငံမှာ နေတုန်းက လူတွေရဲ့ အနံ့ ဒီ့ပြင်နိုင်ငံက လူတွေရဲ့ အနံ့၊ တို့နိုင်ငံမှာတောင် လူတန်းစား ပေါင်းစုံတို့ အနံ့ ဒါတွေဟာ ဘယ်လောက်ကွာခြားသလဲဆိုတာ၊ စဉ်းစားမိကြမှာပါ။
ပြောချင်တာက သူတော်ချင်းချင်း သီတင်းလွေ့လွေ့ ပေါင်းဖော်မွေ့ ဆိုတာပါပဲ။ လောကကြီးမှာ စိတ်သဘော ထား တူသူအချင်းချင်းသာ ပေါင်းဖော်ယှဉ်တွဲ နေထိုင်ကြတာ။ မတူသူတွေလဲ အထိုက်အလျောက်တော့ ရှိမှာပေါ့လေ။ နတ်နဲ့ သူရဲက မတူဘူးနော်။ စဉ်းစားကြ၊ ကိုးကြီးကျော်တို့၊ ပန်းပဲ မောင်တင့်တယ်တို့ စတာတွေဟာ ဘာတွေလဲ။ ဒါတွေလဲ စဉ်းစားကြ၊ နတ်အစစ်တွေကတော့ သီလ မရှိတဲ့ သူတွေရဲ့ ထံပါးကို ဘယ်တော့မှ မလာဘူး ဆိုတာပဲ၊ နတ်တော့ရှိကြပါစေ။ သရဲတော့ မရှိကြပါစေနဲ့ကွယ်။)
အမေကျေနပ်ပါပြီ သားရယ် (၂)
အဲဒါ တို့ကြောင့်ပါ
ကျောင်းဝင်း တစ်ဝင်းထဲမှာ အတူရှိနေကြတဲ့ သာကီဝင် ရဟန်းအမျိုးသမီးငါးရာလဲ ဒီလို မမျှော်လင့်တဲ့ ဖြစ်ရပ်ကြီးနဲ့ ရုတ်တရက် ကြုံလိုက်ရတော့ အလွန်ထူးဆန်းသွားတယ်။ ဒါဟာ တစ်ခုခုတော့ ထူးခြားမှာပဲလို့ တွေးကြပြီး မိထွေးတော်ကြီးဆီ စုရုံး ရောက်ရှိလာကြတယ်။
အဲဒီနောက် မိထွေးတော်ကြီးကို ရိုသေစွာ ရှိခိုးပြီး၊ သူမတို့ မမျှော်လင့်ဘဲ ရုတ်တရက် ကြုံလိုက်ရတဲ့ ကောင်းကင်က မိုးခြိမ်းသံတွေ၊ မြေကြီးတုန်လှုပ်တာတွေကို ကြားရ မြင်ရတော့ ဘာများအကြောင်းထူးလို့ပါလဲဘုရား-လို့ မိထွေးတော်ကြီးကို အဖြစ်အပျက်တွေ လျှောက်ကြတယ်။
“ရှင်မတို့ မိထွေးတော်ကြီးလေ ခန္ဓာ့ဝန် ရုတ်သိမ်းပြီး၊ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မယ်လို့ ဆုံးဖြတ်ချက် ချလိုက်တာကြောင့် အဲဒီ အဖြစ်အပျက် ဖြစ်လာတာပါ၊ အဲဒါ တို့ကြောင့် ဖြစ်တာပါကွယ်”ဟု မိထွေးတော်ကြီးက ရှင်းပြလိုက်တယ်။
လိုက်ပါရစေ
မိထွေးတော်ကြီးရဲ့ စကားကို ကြားတယ်ဆိုရင်ပဲ သာကီဝင် ရဟန်းအမျိုးသမီး ငါးရားတို့က “တပည့်တော်မတို့လဲ ဒီအတိုင်းပဲ ဆုံးဖြတ်ချက်ချ ကြံစည်မိကြပါပြီဘုရား”လို့ လျှောက်ထားကြတယ်။
ဆက်လက်ပြီး မိထွေးတော်ကြီးကို “တပည့်တော်မတို့ တတွေဟာ တောထွက်လာကြတုန်းကလဲ အတူတူ၊ မြတ်ဗုဒ္ဓထံမှောက်မှာ ရဟန်းမ ၀တ်ကြတုန်းကလဲ အတူတူ၊ တရားအားထုတ်ကြတော့လဲ အတူတူ၊ တရားထူး ရပြန်တော့လဲ မရှေး မနှောင်းမှာပဲ အတူတူ ရခဲ့ကြပါတယ်။ မိထွေးတော်ကြီး ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မှာကို တပည့်တော်မတို့လဲ အတူတူ လိုက်ပါရစေတော့ဘုရား”လို့ လျှောက်ထားတောင်းပန်ကြတယ်။
ခွင့်တောင်းကြဦးစို့
ရှင်မတို့ရယ်. . . တို့ကတော့ကွယ်၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းကြတော့မယ့် ရှင်မတို့အတွက် ဘယ်တားရက်ပါ့မလဲ။ သွားကြတာပေါ့ကွယ်။ ဒါပေမဲ့ တို့သဘောနဲ့တို့ သွားလို့တော့ မဖြစ်သေးဘူး၊ တို့ရဲ့ ကျေးဇူးရှင်ကြီး သားတော်ဘုရားဆီကို သွားပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းဖို့အတွက် ခွင့်တောင်းကြဦးစို့”ဟု သာကီဝင် ရဟန်းမ ငါးရာကို ပန်ကြားလိုက်တယ်။
သည်းခံကြပါကွယ်
အဲဒီလို ပန်ကြားပြီး မကြာခင်မှာ မိထွေးတော် ဂေါတမီကြီးနဲ့ သားကီဝင် ရဟန်းမငါးရာတို့က ကျောင်းကြီးပေါ် က ဆင်း ကျောင်းခြံဝင်းက မထွက်ခင်မှာပဲ ကျောင်းစောင့်နတ်တွေကို
( ဥပဿယေ ယာဓိဝတ္တာ၊ ဒေ၀တာ တာ ခမန္တုမေ။ ဘိက္ခုနီ နိလယေဿဒံ၊ ပစ္ဆိမံ ဒဿနံ မမ။)
တို့တတွေ သီတင်းသုံးရာ ဘိက္ခုနီမ ကျောင်းတိုက်တာကို စောင့်ရှောက် ၀န်းရံနေကြတဲ့ နတ်များအပေါင်းတို့၊ တို့တတွေမှာ အပြစ်များ တစ်စုံများ ရှိခဲ့ရင် သည်းခံကြပါကွယ်”လို့ သည်ခံစေဖို့ ပန်ကြားလိုက်တယ်။
ပြီးတော့ … တို့များဟာ ဒီဘိက္ခုနီမကျောင်းတိုက်တာကြီးကို ကြည့်ရှုခွင့်ရခြင်းဟာ နောက်ဆုံးကြည်ခြင်းပေပဲ - ဟု ပြောဆိုရင်း ဘိက္ခုနီမတို့ ကျောင်းတိုက်ကနေ ထွက်လို့လာခဲ့တယ်။
ကြေရာ ကြေကြောင်း တောင်းပန်ချင်
ဒီနေရာမှာ တို့တတွေ အတုယူသင့်တာက လူတွေမှာ ကံသုံးပါး ရှိတယ်။ ကာယကံ (ခန္ဓာကိုယ်နဲ့ စပ်နေတဲ့ကံ)၊ ၀စီကံ (ပါးစပ်နဲ့ စပ်နေတဲ့ကံ)၊ မနောကံ (စိတ်နဲ့ စပ်တဲ့ကံ)၊ အဲဒီကံသုံးပါးမှာ ရဟန္တာတွေမှာ ပြစ်မှား ကျူးလွန်ခြင်း မရှိကြပေမဲ့ မိထွေးတော်ကြီးကတောင်းပန်တယ်။ အတုယူစရာနော်။
ဘုရား တရား သံဃာ ရတနာမြတ်သုံးပါး၊ မိဘ၊ ဆရာသမားများ၊ တစ်ဦးတစ်ယောက် မည်သူ့ကို မဆို ကိုယ် နှုတ် စိတ် တစ်ခုခုနဲ့ ပြစ်မှားမှု ရှိခဲ့သည်ဖြစ်စေ၊ မရှိခဲ့သည်ဖြစ်စေ တစ်နေရာ တစ်ဒေသသို့ ထွက်ခွါတော့မည့် ပုဂ္ဂိုလ်အတွက် သက်ဆိုင်သူတွေကို တောင်းပန်သင့်တယ်။ တစ်ဘ၀လုံးအတွက် ဆိုရင်တော့ ပိုလို့တောင် တောင်းပန်သင့်တာပေါ့။
မြန်မာ့ စကားပုံတွင် “ရန်သူတောင် တောင်းပန်ရင် ကြေအေးရ၏”ဟု ဆိုရိုးစကား ရှိတယ်။ အပြင်းအထန် ရန်ဖြစ်ကြ၊ မခေါ်နိုင် မပြောနိုင်ဖြစ်ကြပြီးမှ မှားသူက မိမိအပြစ်ကို ကြေရာကြေကြောင်း တောင်းပန်ပြီးနောက်၊ ခွင့်လွတ် သီးခံကာ မိတ်ဆွေအဖြစ်၊ အပေါင်းအသင်းအဖြစ်၊ အကြင်လင်မယားအဖြစ်၊ ဆရာတပည့်အဖြစ်၊ အသက်ထက်ဆုံး ဆက်လက် ပေါင်းသင်း နေထိုင် သွားကြသည်မှာ လောကကြီးတွင် ဒုနှင့်ဒေး၊ တောင်းပန်သူနှင့် ခွင့်လွှတ်သူတို့၏ အကျိုးဆက်ဖြစ်တယ်။
တောင်းပန်သူကို မကြေအေး၊ ခွင့်မလွတ် သီးမခံနိုင်ပါက တောင်းပန်ခံရသူသည် လူမိုက်ဖြစ်ကြောင်းနှင့်၊ ခွင့်လွတ် သီးခံနိုင်သူသည် လူလိမ္မာ ဖြစ်ကြောင်း မြတ်ဗုဒ္ဓက အင်္ဂုတ္တရနိကာယ် တိကနိတ်ပါတ်တွင် အတိအကျ မိန့်မှာထားခဲ့ပြီးဖြစ်တယ်။
အမေကိုသတ်သူ၊ အဖေကို သတ်သူ၊ ရဟန္တာကို သတ်သူ၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင် လုပ်သူ၊ သံဃာတော် အချင်းချင်း မသင့်မတင့်ဖြစ်အောင် သွေးထိုး ကုံးတိုက်သူ ဤငါးဦးတို့ကတော့ ဘယ်လိုပင် တောင်းပန် တောင်းပန်၊ တောင်းပန်ခံရသူက ဘယ်လိုပင်ကြေအေး ကြေအေး လုံးဝ အပြစ် မကြေနိုင်ဘဲ၊ ကျူးလွန်သည့် အပြစ်ဒဏ်တိုင်း မုချ ခံစားရမှာ အမှန်ပင်ဖြစ်တယ်။ )
အမေကျေနပ်ပါပြီ သားရယ် (၃)
ပြစ်မှား စိတ်မှာ မရှိရာ
မေတ္တာဝေမျှ၊ ဤလောက၌၊ သတ္တဖ၀ါး၊ အတူသွားက၊ မည်ငြား မိတ်စစ်၊ ခင်ပွန်းဖြစ်၏။ ဆယ့်နှစ်လှမ်းသော်၊ အဖော်သဟဲ၊ လခွဲ ညာတိ၊ မည်ဘိ မပျက်၊ ထို့ထက်လွန်စွာ၊ ရက်ကြာ ကာလ၊ ပေါင်းဖက်ကြမူ၊ အတ္တသမာ၊ မှန်စွာ ထိုလူ၊ ကိုယ်နှင့်တူ၏၊ အယူထွေပြား၊ ထိုသူများအား၊ ပြစ်မှား စိတ်မှာ၊ မရှိရာဘူး။ (မဃဒေ၀)
သံသရာ ခရီသွား လူသားတို့သည် လူ့ပြည်ဌာန လူ့လောကတွင် ကြုံရ ဆုံရသည်မှာ “ရှေးဘ၀က၊ ချဖူးသော ရေစက်၊ ပန္နက်ဖူးသော၊ သစ္စာစကားတွေကြောင့်” ဒီဘ၀မှာ လာပြီးတော့ ဆုံရ ကြုံကြခြင်း ဖြစ်တယ်။ ဒီဘ၀မှာ အတူတူ နေခွင့်ရဖို့ဆိုတာက အတိတ်က ကုသိုလ်တွေ အတူလုပ်ခဲ့ဖူးသလား။ စိတ်တူ ကိုယ်တူ ရှိခဲ့ဖူးသလား။ ဒီဘ၀မှာရော သူ့အကျိုး ကိုယ့်အကျိုး မျှမျှတတ ဆောင်ရွက်ကြနိုင်ရဲ့လား။ ဒီလိုဆောင်ရွက်နိုင်ပြီ ဆိုရင်တော့ ဘယ်တော့ ခွဲရ ခွါရမှာ မဟုတ်တော့ဘူး။
ကြုံရ ဆုံရသော အခိုက်အတန့် ကာလအတွင်း ခြေထောက် ၇-ဖ၀ါး အတူသွား၊ အတူ လှမ်းမိခဲ့ရင် မိတ်ဆွေစစ် ဖြစ်တယ်၊ ၁၂-ဖ၀ါး အတူ လှမ်းမိခဲ့ရင်တော့ လက်တွဲဖော်၊ ၁၅-ရက်လောက် ပေါင်းသင်းခဲ့မိရင် ဆွေမျိုး၊ ဒီ့ထက် အလွန် ပေါင်းရ သင်းရ၊ တွေ့ကြ ဆုံကြရရင်တော့ မိမိနဲ့ အတူထားပြီး ဆက်ဆံရလိမ့်မယ်။ မည်သို့သော ပုဂ္ဂိုလ်မျိုး လူမျိုးကို မဆို မပြစ်မှားသော စိတ်ထားဖြင့် ဆက်ဆံရမယ်-ဟု မာန်လည်ဆရာတော် ဘုရားကြီးက ဆုံးမခဲ့ဖူးတယ်။
လမ်းမခွဲခင် ဆုံးမစကား
မိထွေးတော်ကြီးနဲ့ သာကီဝင်အမျိုးသမီးရဟန်းမ ငါးရာတို့ တစ်ဦးကို တစ်ဦး သည်းခံ ခွင့်လွှတ်ကြဖို့ နတ်တွေကို ပန်ကြားရင်း တရားတစ်ပုဒ်နဲ့ ဆုံးမပြီး နှုတ်ဆက်လိုက်တယ်။
(န ဇရာ မစ္စုဝါ ယတ္ထ၊ အပ္ပိယေဟိ သမာဂမော၊ ပိယေဟိ ၀ိယောဂေါတ္ထိ၊ တံ ၀ဇ္ဇိဿံ အသင်္ခတံ။ )
တို့တတွေ အခုသွား ရမှာက နိဗ္ဗာန်ခရီးဖြစ်တယ်၊ အဲဒီနိဗ္ဗာန်မှာ ဆွေးမြေ့ ယိုယွင်း၊ အိုမင်း ရတဲ့ သဘောတွေ၊ ဆံဖြူ ခါးကိုင်း နားထိုင်ပြီးတော့ မရဏလက်တွင်း သက်ဆင်းရတဲ့သဘောတွေ၊ ငိုရာက ကြီး၊ ကြီးရာက အို၊ အိုရာက နာ၊ နာရကသေ၊ အဲဒီ ဆင်းရဲခြင်း သဘောတွေ မရှိပါဘူးကွယ်။ စိတ်ဆင်းရဲစရာ ဖြစ်တဲ့ မချစ်မနှစ်သက်တဲ့သူတွေ့နဲ့ ပေါင်းဖော် ယှဉ်တွဲ နေထိုင်ရပြီး၊ ချစ်ခင် နှစ်သက်တဲ့ သူတွေနဲ့ ကွေကွင်း ခွဲခွါသွားရမယ့် သဘောတွေလည်း မရှိပါဘူးကွယ်၊ အဲဒီအရာဝတ္ထုတွေ မရှိတဲ့ အေးချမ်း ငြိမ်းရာ နိဗ္ဗာန်သာသို့ မိထွေးတော်ကြီးသွားတော့မယ် လို့ တရားဟောရင်း နဲ့ နှုတ်ဆက်လိုက်တယ်။
“ငိုချင်ရက် လက်တို့” ဆိုသလို မိထွေးတော်ကြီး နိဗ္ဗာန်သွားတော့မယ့်အကြောင်း နှုတ်ဆက်လိုက်မှပဲ လမ်းဘေးဝဲယာ တစ်ဖက်တတစ်ချက်မှာ မိထွေးတော်ကြီးအပေါ် သံယောဇဉ်တွေနဲ့ နှောင်ဖွဲ့ပြီး ရာဂမကင်းနိုင်ကြသေး တဲ့ ပရိသတ်တွေကလဲ ငိုကြွေးကြပြန်တယ်။ ဒီတစ်ခါ သူတို့ငိုတဲ့ အသံလေးက မှတ်သားစရာ။
“အဟော နော အပ္ပပုညတာ” တဲ့ မိထွေးတော်ကြီးနဲ့ ငါတို့တတွေ နောက်ထပ်တစ်ဖန် ကြုံခွင့် ဆုံခွင့် မရတော့ တာဟာ ငါတို့တတွေမှာ ဘုန်းကံနဲကြလို့ပဲ-လို့ ပြောပြောပြီး ငိုကြတာ။
ဟုတ်တာပေါ့ မိထွေးတော်ကြီးနဲ့ ရှိနေရင် သူတို့တတွေကို ကောင်းတာတွေ လုပ်ဖို့၊ မကောင်းတာတွေ မလုပ်ဖို့၊ မိမိစိတ်ကလေးကို ဖြူစင်အောင်ထားဖို့ မကြာခဏဆိုသလို ဆုံးမ သြ၀ါဒတွေ ပေးလေ့ရှိတယ်။ အခုတော့ ဆုံးမမယ့်သူ မရှိတော့တဲ့ “အမိမဲ့သား၊ ရေနဲငါး”ဘ၀ကို ရောက်သွားကြပြီ။ အဲဒီလိုနဲ့ သူတို့တတွေဟာ ဖြေမဆည်နိုင် မျက်ရည် တဖြိုင်ဖြိုင်နဲ့ ငိုကြွေးနေကြတာပေါ့။
ငိုကြွေးတယ်ဆိုတာ
အမှန်တကယ်တော့ ငိုတဲ့သူများဟာ ကိလေသာရာဂတွေ များနေလို့၊ သံယောဇဉ် ကိလေသာတွေ သိပ်များနေလို့ ငိုကြတာ။ မိထွေးတော်ကြီးကတော့ အေးအေးဆေးဆေးပဲ။ ရဟန္တာဖြစ်နေပြီလေ၊ ငိုကြွေးစရာ မျက်ရည်မှ မကျန်တော့တာ။ သူတို့တတွေကို တုန်လှုပ်မှု ကင်းမဲ့တဲ့စိတ်နဲ့ကို ထာဝရနှုတ်ဆက်သွားတာ။
နှုတ်မဆက်သင့်ဘူး
ဒါနဲ့ ငယ်ငယ်တုန်းက ဖတ်ဖူးတဲ့ မောင်စိန်ဝင်း (ပုတီးကုန်း)ရဲ့ ကဗျာလေးတစ်ပုဒ်ကို သွားသတိရမိတယ်။ သူကပြောတော့ နှုတ်မဆက်သင့်ဘူးတဲ့။
တွေ့ပြန်တော့ ခဏကွယ်၊ ချစ်လို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ ချစ်သက်ဦး၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ တို့နှစ်ဦးအတွက် နှုတ်မဆက်သင့်ဘူး။
နှုတ်ဆက်တယ် ဆိုတာ ထာဝရခွဲခွါသွားကြတဲ့ သူတွေသာ နှုတ်ဆက်ကြတာ၊ ထာဝရမခွဲမခွါသေးဘဲ ပြန်လည် ဆုံတွေ့ကြရမှာဖြင့် နှုတ်မဆက်သင့်ဘူးတဲ့။
တောင်တန်းပေါ်မှာ
စာရေးသူတို့ အစိုးရတာဝန်နဲ့ တောင်တန်းပေါ်မှာ ၁၀-တန်းတွေကို အင်္ဂလိပ်စာသင်ပေးရင်း(2000-ခုနှစ်က ထင်ပါတယ်။) တပည့်တွေကို စာသင်ကြားမှုပြီးဆုံးတဲ့နေ့မှာ အဲဒီကဗျာလေးကို စာသားပြောင်းပြီး ရေးပြ ရွတ်ပြဖူးတယ်။
တွေ့ပြန်တော့ ခဏကွယ်၊ သင်လို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ တပည့်များ၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ ဆရာ တပည့်နှစ်ဦးအတွက် နှုတ်မဆက်သင့်ဘူး။ အဲဒီလို ရေးပြ ရွတ်ပြတော့ တပည့်မတွေထဲက ချင်းမလေးတစ်ယောက် ငိုပါလေရော။
ရွတ်ပြရတဲ့ ရည်ရွယ်ချက်
ပလ္လင်ပေါ်မှာလဲ ဒီကဗျာကို တရားဟောရင်းရွတ်ပြဖူးတယ်။
တွေ့ပြန်တော့ ခဏကွယ်၊ ဟောလို့ရယ် မ၀ဘူး၊ ဝေးကွာအောင် ကြမ္မာဖန်တော့၊ လောကဓံ ယိုင်ယိုင်ထဲမှာ၊ ခွဲခွါနိုင်ဘူး၊ နှုတ်ကိုတော့ မဆက်ချင်၊ နေရစ်တော့ ပရိတ်သတ်များ၊ ထာဝရ ခွဲခွါသူသာ နှုတ်ဆက်တာမို့၊ ကြင်နာသူ ပရိသတ်များအတွက် နှုတ်မဆက်သင့်ဘူး။
အဲဒီလို ရွတ်ပြနေတာဟာ ရွတ်လို့ ကောင်းတာလဲ ပါတယ်။ ခွဲခွါရခြင်းသဘောကြောင့် မတည်မြဲခြင်း အနိစ္စသဘောကို သိစေချင်တာလဲ ပါတယ်။ နောက် ချစ်တဲ့သူတွေနဲ့ ကွေကွင်း ခွဲခွါရတဲ့ (ပိယေဟိ ၀ိပ္ပယောဂေါ ဒုက္ခော) ဆင်းရဲခြင်းရဲ့ ဒုက္ခသဘောကို သိစေချင်တာလဲပါတယ်။ အဲဒီသဘောတွေ ပြောပြပြီးတော့မှ ရွတ်ပြခဲ့တာပါ။
၂၀၀၂-ခုနှစ်မှာ သတင်းစကားကြားရတာတော့ တောင်ပေါ်မှာ စာသင်ပေးရင်း ကြုံရဆုံရ ငိုခဲ့ရသူ ချင်းမလေး သီလရှင် ၀တ်သွားတယ်လို့ ကြားတယ်၊ အခုစာရေးနေချိန် မှာတော့ ၀တ်နေသေးလား၊ မ၀တ်တော့ဘူးလား ဆိုတာ မသိဘူး။
အမေကျေနပ်ပါပြီ သားရယ် (၄)
စည်းစိမ်ရှင်မကြီး
မိထွေးတော်ကြီးကတော့ ထာဝရ နှုတ်ဆက်သွားပြီနော်။ အဲဒီလို နှုတ်ဆက်တော့ ရာဂမကင်းသေးတဲ့ သူတွေကတော့ ငိုကြတာပေါ့။ မိထွေးတော်ကြီးနဲ့ ရဟန္တာထေရီမ ငါးရာတို့ ခန္ဓာ့ဝန် ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မယ်လို့ တဆင့်စကား တဆင့်နားကြားတော့ သဒ္ဓါတရားသိပ်ကောင်းတဲ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတွေက မိမိတို့ အိမ်ပေါ်ကနေ ဆင်း၊ မိထွေးတော်ကြီးတို့ သွားရာလမ်းမှာ ဖူးမြှော်ကြ၊ ကန်တော့ကြပြီး လျှောက်ထား တောင်းပန်ကြတယ်။
စည်းစိမ်ရှင်မကြီး စိတ်အေးအေးထားပါဘုရား။ ကိုးကွယ်ရာမဲ့နေတဲ့ တပည့်တော် တပည့်တော်မတို့ကို ခွဲခွါပြီး ခန္ဓာ့ဝန် ရုတ်သိမ်းပြီး ပရိနိဗ္ဗာန် စံဝင်ငြိမ်းတော့မယ်ဆိုတာက အခွင့်မလျော် မသင့်တော်ပါဘူးဘုရား။ သူတို့က ဒီလိုကို လျှောက်ထား တောင်းပန်ကြတာ။ အဲဒီလို လျှောက်ထားကြသူတွေဟာ သူတို့တတွေရဲ့ သံယောဇဉ် ရာဂတရားတွေက နှိပ်စက်ဖိစီးကြလို့ ငိုကြွေး မြည်တမ်းရင်း လျှောက်ထားတောင်းပန်ကြတာ။
လျှောက်ထားတောင်းပန်သူတွေရဲ့ စကားထဲမှာ စည်းစိမ်ရှင်မကြီး (မဟာဘောဂေ) ဆိုတဲ့စကားပါတယ်။ ဟုတ်တယ် မိထွေးတော်ကြီးရဲ့ဘ၀က စည်းစိမ်တွေနဲ့ ပြည့်နက်နေတဲ့ဘ၀။
လူ့ဘောင်လောကမှာ ရှိစဉ်တုန်းကလဲ ထီးနန်းစည်းစိမ်တွေကို ပြည့်ပြည့်၀၀ ခံစားခဲ့ရတယ်။ လိုအပ်တယ်ဆိုတာ မရှိလောက်အောင်ကို ခံစားခဲ့ရတာ။ ဆင်းရဲဒုက္ခဆိုတာ ချိုနဲ့လား၊ ဘယ်လိုဟာမျိုးလဲလို့ မေးရမလို ဖြစ်နေတယ်။
ရဟန်းမအဖြစ် ပြုပြီးတဲ့ နောက်ပိုင်းမှာ ကိလေသာတွေငြိမ်းလို့ နိဗ္ဗာန်ချမ်းသာကို ပြည့်ပြည့်၀၀ကြီး ခံစားနေရတဲ့ မိထွေတော်ကြီးဖြစ်တယ်။ အဲဒါကြောင့် သူတို့က မိထွေးတော်ကြီးကို စည်းစိမ်ရှင်မကြီးလို့ ခေါ်တာဖြစ်မှာ။
တရားဟောရပြန်
အဲဒီလို ရင်ဘတ်စည်တီး ငိုကြွေးပြီးနေကြတဲ့ ပုဂ္ဂိုလ်တို့အတွက် စိုးရိမ်သောကတွေ၊ ကြောင့်ကြရတာတွေကို ငြိမ်းအေးစေနိုင်ဖို့ အတွက် တရားဟောရပြန်တယ်။
အို . . . သားတော် သမီးတော်တို့ သင်တို့တတွေဟာ အခု အချိန်မှာ ရင်ဘတ်စည်တီး ငိုညီးနေရမယ့် အချိန်မဟုတ်ဘူး၊ ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။
အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ . သိသင့် သိထိုက်တဲ့ ဆင်းရဲခြင်းတွေရဲ့ သဘောကို ပိုင်းပိုင်းခြားခြား ကောင်းကောင်းမွန်မွန် သိခဲ့ပြီးပြီကွယ့်။ ဆင်းရဲခြင်းရဲ့ လက်သည်ဖြစ်တဲ့ သံယောဇဉ် သမုဒယတဏှာ ကိုလည်း မိထွေးတော်ကြီး သုတ်သင်နှိမ်နင်းပြီးပြီ။ အဲဒီတရားတွေ ရဲ့ ချုပ်ငြိမ်းရာဖြစ်တဲ့ နိရောဓ နယ်ပယ်ကိုလဲ မိထွေးတော်ကြီး ရောက်ပြီးပြီ။ နိဗ္ဗာန်ရောက်ရန် လမ်းကြောင်းမှန်တဲ့ မဂ္ဂသစ္စာတွေကိုလဲ သေသေချာချာကို ပွားများပြီးသွားပါပြီကွယ်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။
အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ မိထွေးတော်ကြီးလေ . မြတ်ဗုဒ္ဓရဲ့ အဆုံးအမ တရားတော်တွေကို ကောင်းစွာ လေ့ကျက်ခဲ့ပြီး၊ ရင်ထဲမှာ ထည့်ပြီးပါပြီ။ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေကို သင်ယူခြင်း ပရိယတ္တိသာသနာ၊ ကျင့်ကြံ ကြိုးကုတ် အားထုတ်ခြင်း ပဋိပတ္တိသာသနာ၊ သုံးဆောင်းခံစားခြင်း၊ ဆိုက်ရောက်ခြင်း ပဋိဝေဒသာသနာ၊ အဲဒီသာသနာ သုံးရပ်စလုံးကို မိထွေးတော်ကြီး အကုန်လုံး ပြီးစီးအောင် ဆောင်ရွက်ပြီးပြီ။ အလွန်တရာမှ လေးလံလှတဲ့ ဥပါဒါနက္ခန္ဓာလို့ခေါ်တဲ့ ၀န်ထုပ်ဝန်ပိုးကြီးကို အကုန်လုံး ပစ်ချပစ်လိုက်ပြီးပြီ။ ဘ၀ကို ဖြစ်စေတတ်တဲ့ လက်သည် သံယောဇဉ် သမုဒယတဏှာကို မိထွေးတော်ကြီးက အမြစ်ပါမကျန်အောင် ပယ်သတ် ခုတ်ထွင် ရှင်းလင်းခဲ့ပြီးပြီကွယ့်။ ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။
လိုရာခရီး သွားနိုင်ကြ
လောကကြီးမှာ မိဘတွေဟာ ခရီးထွက်တော့မယ်ဆိုရင် အိမ်မှာ ရှိတဲ့ အလုပ်တွေကို ပြီးစီးအောင်လုပ်။ သားသမီးတွေကို မှာစရာရှိတာ မှာပြီးမှ ခရီးထွက်လေ့ ရှိကြတယ်။ အဲဒီလို လုပ်သင့်လုပ်ထိုက်တာတွေ မှာသင့် မှာထိုက်တာတွေ မှာပြီးတာတောင် မလိမ္မာတဲ့ သားသမီးများ ရှိခဲ့ရင် မိဘတွေဟာ ခရီးသွားရတာ စိတ်မဖြောင့်ဘူး၊ စိတ်ချရတဲ့ နောက်ကြောင်းအေးရတဲ့ သားသမီးမျိုးရှိတဲ့ မိဘတွေကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လိုရာခရီးကို သွားနိုင်ကြတယ်။
စိတ်ချလို့ နေပါပြီ
အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ မိထွေးတော်ကြီး ပရိနိဗ္ဗာန်စံတော့မယ်ဆိုတာက မိထွေးတော်ကြီးလဲ လုပ်သင့်တာတွေ အကုန်လုံး လုပ်ခဲ့ပြီးပြီ။
နောက်ပိုင်းမှာလဲ စိတ်ချရမယ့် သားတော်ကြီးတွေ ရှိနှင့် နေပြီလေ။ သစ္စာလေးပါးကို ဆရာမရှိဘဲနဲ့ မိမိကိုယ်တိုင် သိတဲ့ သားတော်ဘုရားရယ်၊ သားတော်ဘုရား သိပြီးတဲ့နောက် အရင်ဆုံးသိနှင့်တဲ့ အရှင်ကောဏ္ဍည၊ သားတော်အရင်းအရှင်နန္ဒ၊ သားတော်အဖျား အရှင်အာနန္ဒာ၊ မြေးတော်လေး အရှင်ရာဟုလာတို့ကလဲ ရှိနေပြီကွယ့်။
သာသနာတော်ကို မကြည်ညိုသူ၊ အယူမှားတွေကိုသာ ဟောပြောလေ့ရှိကြသူ တိတ္ထိတို့ရဲ့ အယူဝါဒတွေကို သုတ်သင် ဖြေရှင်းနိုင်တဲ့ ချမ်းချမ်းသာသား ညီညီညွတ်ညွတ် ရှိနေကြတဲ့ သံဃာ့ အစည်းအရုံးကြီးကလဲ ရှိနေပြီလေကွယ် . . .။ မိထွေးတော်ကြီး စိတ်မချစရာ ဘာများရှိသေးလို့တုန်း။
ဒါကြောင့် ဒီနေ့ဟာ ခန္ဓာ့ဝန်ရုတ်သိမ်းလို့ ပရိနိဗ္ဗာန် စံဝင်ငြိမ်းရတော့မယ့် မိထွေးတော်ကြီးတို့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်နေမဲ့အချိန်အခါ ကာလကြီးပါကွယ်။
အမေ ကျေနပ်ပါပြီ သားရယ် (၅)
အမေ့ဆုတောင်း
အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ အမေလေ. . . ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်းတွေ ပြည့်ခဲ့ပြီသိလား။
အတိတ်ကို ပြန်ကြည့်ရင် ဟို. . .လွန်ခဲ့တဲ့ ဘ၀တစ်သိန်းကာလအထက်မှာပေါ့။ အဲဒီအချိန်မှာ ပဒုမုတ္တရမြတ်စွာဘုရား ပွင့်တော်မူတယ်လေ။ အဲဒီဘ၀မှာ တို့အဖေက သူဌေးကြီးဆိုတော့ တို့က သူဌေးသမီးပေါ့။ အဖေက မြတ်စွာဘုရားကို အရမ်း ကြည်ညိုတာသိလား။ မြတ်ဗုဒ္ဓရဲ့ကျောင်းတော်ကို နေ့စဉ်သွားတော့ တို့လဲ စိတ်ပါလက်ပါနဲ့ နေ့တိုင်းကိုလိုက်ခဲ့တာကွယ့်။
အဲ . . . တစ်နေ့တော့ ပဒုမုတ္တရမြတ်စွာဘုရားရှင်က ပရိသတ်လေးပါးရဲ့အလယ်မှာ သူ့ရဲ့ မယ်တော်ကြီးကို “ရတ္တညူဧတဒဂ်ဘွဲ့”ပေးတော့ တို့လေ အရမ်းအားကျတာပဲ သိလား။
ဘာရမလဲ တို့လဲ တို့အဖေကို ပူဆာတာပေါ့။ တို့ ပူဆာတဲ့အတိုင်း အဖေက လိုက်လျောတယ်လေ။ တစ်ဦးတည်းသော သမီးလဲ ဖြစ်ပြန်၊ အဖေကိုယ်တိုင်က ရတနာမြတ်သုံးပါးကို ကြည်ညိုတဲ့သူ ဖြစ်ပြန်ဆိုတော့ နှစ်ခါမတောင်းဆိုရပါဘူးကွယ်။
အဲဒါနဲ့ ပဒုမုတ္တရဘုရားရှင်နဲ့ နောက်ပါ သံဃာတော်အပေါင်းကို ၇-ရက်လုံးလုံး အိမ်မှာ ပင့်ပြီး ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားကို အားရပါးရကြီးကို လှူဒါန်းပူဇော်ခဲ့တာပေါ့။ နောက်ဆုံးရက်မှ လှူဒါန်းမှု အစုစုရဲ့ အကျိုးကို ဆုတောင်းတော့တာပါပဲ။ အကျိုးလိုလို့ ညောင်ပင်ရေလောင်းတယ်ပြောပြော တို့ကတော့ တို့ဖြစ်ချင်တဲ့ နောင်ပွင့်မယ့် ဘုရားတစ်ဆူဆူရဲ့ မယ်တော်ကြီး ဖြစ်ပါရစေ…ဘုရားလို့ စိတ်ပါလက်ပါကို ဆုတောင်းပစ်လိုက်တာ။
ဗျာဒိတ်စကား ဟောမြွက်ကြား
ပဒုမုတ္တရမြတ်စွာဘုရားကလဲ အရမ်းကာရောကြီး ရော့ အင့်လို့၊ ပေးလိုက်တာ မဟုတ်ကွယ့်။ သူ့ရဲ့ အနာဂတံသဉာဏ်တော်နဲ့ စူးစူးစိုက်စိုက်ကြည့်ပြီးတော့မှ ”နောင် ကမ္ဘာတစ်သိန်း ကာလအထက် ဘဒ္ဒကမ္ဘာမှာ မင်းမျိုး မင်းနွယ်ကနေ ဂေါတမဗုဒ္ဓမြတ်စွာဘုရား ပွင့်လိမ့်မယ်။ ဘုရားမဖြစ်ခင် အဲဒီကလေးကို ပြုစုစောင့်ရှောက်ခွင့်ရပြီး၊ နောင်အခါ ဘုရားသာသနာတော်ထဲ ၀င်ရောက်လာလိမ့်မယ်။ ရဟန္တာ ဘိက္ခုနီမကြီးလဲဖြစ်ပြီး အမျိုးသမီးသာသနာမှာ သစ္စာလေးပါးကို အရင်းဆုံးသိပြီး ရတ္တညူဧတဒဂ်ဘွဲ့ထူးကြီးကိုလဲ ပရိသတ်အလယ်မှာ ပေးအပ်ချီးမြှင့်ခြင်း ခံရလိမ့်မယ်” လို့ ဗျာဒိတ်စကား (ဗျာဒိတ္တ၊ ၀ျာဒိပ္တ၊ နောင်အခါ ဖြစ်ပျက်ခြင်းအကြောင်းကို ရည်ညွှန်း၍ မိန့်မြွက်အပ်သော ဘုရားစကားတော်) မြွက်ကြားခဲ့တယ်လေ။
အမေ့ဆုတောင်းတွေ ပြည့်ပါပြီ
( စိရပ္ပဘုတိ ယံ မယှံ၊ ပတ္ထိတံ အဇ္ဇ သိဇ္ဈတေ။ အာနန္ဒဘေရိကာလောယံ၊ ကိံ ဝေါ အဿူဟိ ပုတ္တိကာ။)
ဒါနဲ့ မြတ်စွာဘုရားရဲ့ မယ်တော်ကြီး ဖြစ်ခွင့်ရဖို့ ဖြည့်ကျင့်ခဲ့ ကမ္ဘာတစ်သိန်းဆိုတဲ့ ကာလအတိုင်းအတာဟာ သာမန်လူတွေအတွက်တော့ တမျှော်တခေါ်ကြီး ဖြစ်ပေမယ့် ဘုရားအမေသိပ်ဖြစ်ချင်နေတဲ့ တို့အတွက်တော့ နှစ်ရက်နဲ့ တစ်မွန်းတည့်လောက်ပဲ ထင်ခဲ့တာ။
အဲဒီဘ၀ကနေ နတ်ပြည်ရောက်လိုက် လူ့ပြည်ရောက်လိုက်နဲ့ ဘ၀အမျိုးမျိုး ကျင်လည်ခဲ့ရတယ်။ အဲဒီဘ၀တွေမှ ကုသိုလ်လုပ်ခွင့်ရတာနဲ့ ဘုရားမယ်တော်ဖြစ်ဖို့ပဲ ဆုတောင်းလိုက်တာ။ အဲ မှတ်မှတ်ရရ ကုသိုလ်ပြုတာ တွေထဲမှာ ပစ္စေကဗုဒ္ဓါ ဘုရားရှင် ၅၀၀-ကို ဆွမ်းလုပ်ကြွေးရတဲ့ ကုသိုလ်ထူးလဲပါသေးတယ်။ ဘာရမလဲ အဲဒီ ကုသိုလ်ထူးကိုလဲ ဘုရားအမေဖြစ်ဖို့ပဲ ဆုတောင်းလိုက်တာပေါ့ကွယ်။
အို . . . သားတော် သမီးတော်တို့ မငိုကြွေးကြပါနဲ့ကွယ်။ အမေလေ. . . ဒီနေ့ ဒီဘ၀မှာတော့ အမေ့ဆုတောင်း ပြည့်ခဲ့ပါပြီကွယ်။ ဒါကြောင့် သောကတွေ လိမ်းကျံနေတဲ့ မျက်ရည်စတွေနဲ့ မငိုကြွေးကြပါနဲ့ကွယ်။ ဆုတောင်ပြည့်ဝတဲ့၊ ခန္ဓာ့ဝန်တွေ ရုတ်သိမ်းလို့ ငြိမ်းတော့မယ့် အမေ့အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြပါ သားတော်သမီးတော်တို့ရယ်။
အမျိုးသမီးရေးရာ ကိုယ်စား
အို . . . သားတော် သမီးတော်တို့၊ နားထောင်ကြအုံးကွယ်။
သားတော် သမီးတော်အတွက် လောကအလင်းရောင်တွေ ပေးနေတဲ့ သားတော်ဘုရား မြတ်စွာ ဗုဒ္ဓကို ဟို ငယ်ငယ်တုန်းက နို့ချိုတိုက်ကျွေး မွေမြူပြီး၊ အမေက ဘယ်သူမှ နှိုင်းလို့ မရနိုင်လောက်တဲ့ မေတ္တာမျိုးနဲ့ ပြုစုခဲ့တယ်။ စောင့်ရှောက်ခဲ့တယ်။ လောကကြီးမှာ အတုမရှိ အတူမရှိတဲ့ သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားမဖြစ်ခင် အသက်(၂၉)နှစ်သား အရွယ်ထိ သားတော်ဗုဒ္ဓကို အမေကလေ ကိုယ်အသက့်ထက် ပိုတန်ဖိုးထားပြီးတော့ စောင့်ရှောက်ခဲ့တာ။
ပြီးတော့ ဘိက္ခုနီမ (အမျိုးသမီး)သာသနာတော်ကြီး ပေါ်ပေါက်လာဖို့အတွက် အမေလေ သားတော်အရှင်အာနန္ဒာရဲ အကူအညီနဲ့ အားသွန်ခွန်စိုက် မဆုတ်မနစ် ကြိုးပမ်းခဲ့လို့ အရာရာကို ထောက်ထားငဲ့ပြီး သားတော်ဘုရားက ခွင့်ပြုခဲ့တယ်။ ဘိက္ခုနီမ(အမျိုးသမီး)သာသနာကြီးကို တိုးတက် ပြန့်ပွား စည်ပင်အောင် အမျိုးသမီးလူထုကို ကိုယ်စားပြုပြီး အမေက ဦးစီးဦးဆောင် လမ်းပြခဲ့၊ လမ်းညွှန်ခဲ့တယ်။
အမေ့ကျေးဇူး ဆပ်ချင်တယ်ဆိုရင်
သားတော် သမီးတော်တို့ရဲ့ သောကပင်လယ်ကြော၊ ဆင်းရဲဝေဒနာတောထဲကနေ အမေက တတ်နိုင်သလောက် သားတော်သမီးတော်တို့ကို ဆွဲထုတ်ခဲ့တယ်။ အဲဒီကျေးဇူးဂုဏ်တွေကို သားတော်သမီးတို့က ပြန်ပြောင်းသတိရလို့၊ တွေးတောမိခဲ့မယ်။ နောက်ပြီး အဲဒီကျေးဇူးဂုဏ်တွေကို ထောက်ထားပြီး အမေ့ကို ချစ်တယ်၊ သနားတယ်၊ ကြည်ညိုတယ်၊ ကျေးဇူးဆပ်ချင်တယ် ဆိုရင်လေ . . .
(သဒ္ဓမ္မဋ္ဌိတိယာ သဗ္ဗာ၊ ကရောထ ၀ီရိယံ ဒဠှံ။)
အမေ မရှိတဲ့နောက် သားတော် သမီးတော်တို့ သိထားပြီးဖြစ်တဲ့ မြတ်ဗုဒ္ဓရဲ့ ပရိယတ္တိသာသနာ (သင်ယူခြင်း၊ မှတ်သား၊ နားထောင်ခြင်း)။ ပဋိပတ္တိသာသနာ (သင်ထား၊ သိထားတဲ့အတိုင်း လိုက်နာကျင့်ကြံခြင်း)။ ပဋိဝေဓသာသနာ (သိခြင်း၊ ကျင့်ခြင်းတို့ရဲ့ အကျိုးရလဒ်၊ အသီးအပွင့်) ။ အဲဒီသာသနာ သုံးရပ်ကို မြဲမြံခိုင်ခံ့တဲ့ မဆုတ်မနစ်သော ၀ီရိယတွေ၊ သားတော် သမီးတော်တို့ရဲ့ သောကမျက်ရည်တွေကို ရုတ်သိမ်းပြီးတော့ ရွှင်ပြထက်သန်သော စိတ်ဓာတ်တွေနဲ့ တိုးတက်အောင်၊ ပြန့်ပွား စည်ပင်အောင် ကြိုးစားအားထုတ်ရစ်ကြပါ။ အခုအချိန်ဟာ သောကတွေ ပူဆွေးပြီး ငိုကြွေးနေရမဲ့ အချိန်မဟုတ်တော့ပါဘူး။
ငိုချင်စိတ်ပေါက်အောင် ငိုတတ်သူ
ဒါနဲ့ သတိရတုန်း ပြောလိုက်ပါအုံးမယ်။ မိဘတွေ၊ အဖိုးတွေ အဖွားတွေ၊ ညီအစ်ကိုမောင်နှမတွေ၊ သူငယ်ချင်းမိတ်ဆွေတွေ သေသွားကြရင် တို့ရွှေနိုင်ငံမှာ သိပ်ပြီး ငိုကြတာ။ စာရေးသူတွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် တစ်လထဲမှာ မောင်သေ၊ ပြီးတော့ အမေသေ - ဆိုတော့ ငိုလိုက်တဲ့ ဖြစ်ခြင်း၊ သူငိုပြီး ပြောတဲ့စကားတွေကို နားထောင်ပြီး နားထောင်ရတဲ့ သူတွေတောင် သူ့ကို သနားပြီး ငိုချင်စိတ်တွေ ပေါက်လာတယ်။
တကယ့်ကိုမှ အရူးပဲ
ဘယ်သူတွေက ဘယ်လောက်ပဲ ငိုချင်စိတ်တွေ ပေါက်ပေါက် ရှေ့မှာ ရှိတဲ့ ရုပ်အလောင်းကတော့ (အသိအမျိုးသမီး တစ်ယောက် ပြောနေကြ စကားလို) အေးအေးလူလူပဲ။ သူ မသိ၊ သူ မကြား၊ သူ မဟုတ်သလိုပဲ။ ဟုတ်တယ်လေ ဘ၀တွေကခြားသွားပြီ။ တကယ်လို့ သေတဲ့ သူက နတ်ပြည်ရောက်နေရင် လူ့ပြည်ကို သတိမရတော့တာ အမှန်ပဲ။
သတိရတယ် ထားပါအုံး နတ်ပြည်ကို ရောက်တဲ့ အချိန်နဲ့ ကျန်ရစ်သူ ငိုနေတဲ့ အချိန်တို့ဟာ ဘယ်လိုမှ စပ်ဟပ်လို့ မရနိုင်လောက်အောင် ကွာခြားလွန်းတယ်။ နတ်ပြည်က ကြည့်မိတယ်ဆိုတောင်မှ အော် ဒီ ငိုတဲ့ သူနှယ် တော်တော်ရူးတာပဲ။ တကယ့်ကိုမှ အရူးပဲ။ ဒီလောက် ကိုယ့်ရှေ့လူက သေပြနေတာတောင် သတိတရားလေး နည်းနည်းမှ မရဘူးဆိုပြီး လှောင်နေမှာ။ (သေတဲ့သူနဲ့ ပတ်သက်လို့ သေသူက သတိရတာတွေ၊ မရတာတွေ အကြောင်း၊ စပ်မိရင် သီးသန့် တစ်ပုဒ်လောက် ရေးပါဦးမယ်။)
အမေ ကျေနပ်ပါပြီ သားရယ် (၆)
ဘ၀နိကန္တိက တဏှာ
မြတ်ဗုဒ္ဓရှိစဉ် အခါတုန်းက သူ့မိဖုရားသေလို့၊ မိဖုရားအလောင်းကို ဆေးရည်တွေနဲ့စိမ်ပြီး တသသနဲ့ ပူဆွေး သောကရောက်နေတဲ့ မင်းတစ်ပါးရှိတယ်။ သူ့မိဖုရားက သိပ်လှတာကိုး။ လှတော့ ချစ်တယ်။ အနုအလှ စကားလေးတွေနဲ့ ချွဲချွဲ နွဲ့နွဲ့ ပြောတတ်တော့ အဲဒီမင်းက တခြားမိဖုရားတွေထက် သူ့ကို ပိုလို့ချစ်တာ။ သူ့မိဖုရား ငယ်ငယ်ရွယ်ရွယ် လှလှပပ နုနုထွတ်ထွတ်လေး မထင်မှတ်ဘဲ သေသွားတော့ အရူးတပိုင်းပေါ့။
ဘယ်သူမှ ဖြောင့်ဖြ၊ ဖြေသိမ့်လို့ မရနိုင်ဘူး၊ နေ့စဉ် နေ့စဉ် အဲဒီ မိဖုရားအနားမှာပဲ တမှိုင်မှိုင်တတွေတွေနဲ့ ပူဆွေးသောက ရောက်နေတာ။ မြတ်ဗုဒ္ဓနဲ့ တွေ့ပြီး ဘုရားရှင်နဲ့ ဆွေးနွေးခွင့် တရားနာခွင့် ရပြီးတဲ့နောက် . . .ဘ၀ခြားသွားတာရယ်၊ ဘ၀သစ်မှာ (ပိုးကောင်မ) ယောက်ျားအသစ် (ပိုးထီး)နဲ့ ပျော်မွေ့နေတာတွေကို သိရတော့မှ သူ့ဘ၀က ငြိမ်းချမ်းသွားတာ။
ဒီနေရာမှာ ပြောချင်တာက ဘ၀နိကန္တိကတဏှာပါ။ အဓိပ္ပါယ်က ကိုယ့်ဘ၀မှာ ကိုယ် တပ်မက်ပြီး ပျော်မွေ့နေကြတာပါပဲ။ ပေါင်တစ်ချောင်း ပြတ်ပြီး တောင်းစားနေတဲ့ သူတောင်စား တစ်ယောက်ကို သူဌေးတစ်ဦးက “မင်းဘ၀က သနားစရာပဲ၊ ပေါင်ပြတ်နေရတဲ့အထဲ တောင်းကလဲ တောင်းစားနေရသေးတယ်။ လူ့ပြည်မှာ နေမယ့်အစား သေတာကမှ ပိုကောင်းအုံးမယ်”လို့ ပြောကြည့်။ ပေါင်ပြတ် သူတောင်းစားက ဘာပြန်ပြောမယ်ထင်ပါသလဲ? . . . ။
ဒီလိုပါပဲ လူတွေတောင် မဟုတ်ဘူး တိရစ္ဆာန်တွေလဲ သူ့ဘ၀မှာ သူ ပျော်နေတာပဲ။ လမ်းဘေးမှာ ခွေးလေ ခွေလွင့် တစ်ကောင်၊ ၀ဲကလဲ စားနေသေးတယ်။ နေ့စဉ်နေ့စဉ် စားစရာက မရှိ။ သူများ လွှင့်ပစ်တဲ့ အမှိုက်ထဲက မနည်း လုစားနေရတဲ့ ခွေးဝဲစား ဘ၀။ သူ့ကိုကြည့်ပါလား၊ သူ့ဘ၀ကို သူ မကျေမနပ်နဲ့ မှိုင်နေတဲ့ နေ့တွေများ ရှိပါသလား?။ နောက် မိမိတို့ရဲ့ မစင်၊ အစားအသောက် အပုပ်အစပ်တွေမှာ နေတဲ့ ပိုးလောက်လန်းတွေကို ကြည့်၊ သူတို့တွေဟာ သူတို့ ဘ၀ကို စက်ဆုပ် ရွံ့ရှာနေလိမ့်မယ် လို့ ထင်နေပါသလား။
ချမ်းသာတဲ့သူ၊ ဆင်းရဲတဲ့သူ ဘယ်သူမဆို ကိုယ့်ဘ၀မှာ ကိုယ်ပျော်နေကြတာပါပဲ။ အဲဒါ ဘ၀နိကန္တိကတဏှာပဲ။ သိပ်ကြောက်စရာကောင်းတယ်။ ဘ၀ကို ငြီးငွေ့ဖို့၊ ဆင်းရဲအစစ်ကို မြင်ဖို့၊ ပြီးတော့ အဲဒီဆင်းရဲ ဘာကြောင့် ဖြစ်တာလဲဆိုတာ သိဖို့ အင်မတန်မှခက်တယ်။
အဲယားကွန်းနဲ့ ဆရာဘုန်းကြီး
စာရေးသူတို့ ငယ်ငယ်က အရမ်းရင်းနှီး ကျွမ်းဝင်တဲ့ ဆရာဘုန်းကြီးတစ်ပါး ရှိခဲ့တယ်။ အဲဒီ အချိန် ဆရာဘုန်းကြီး အသက်က ရှိလှမှ လေးဆယ်ဝန်းကျင်။ တက်ကြွ လန်းဆန်းနေတဲ့ အချိန်ပေါ့။ အဲယားကွန်း အရမ်းကြိုက်တယ်။ သူသေ(ပျံတော်မူ)ရင်တောင် အဲယားကွန်းဖက်ပြီး သေမယ်လို့ မကြာခဏ နောက်ပြော ပြောလေ့ရှိတယ်။
ဒကာ၊ ဒကာမတွေကလဲ လေဖြတ်မှာ စိုးလို့ အအေးကြိုက်တာ လျှော့ဖို့ လျှောက်ထားကြတယ်။ တစ်နေ့တော့ ဆရာဘုန်းကြီး အမိန့် ရှိတာက လေများဖြတ်ခဲ့မယ်ဆိုရင်တော့ ဒီအတိုင်း တွဲတွဲ ဆွဲဆွဲနဲ့ မနေဘူး၊ ကိုယ့်ကိုယ်ကို အဆုံးစီရင်လိုက်မယ်တဲ့။ ဆရာဘုန်းကြီး လေဖြတ်တာ တွဲတွဲ ဆွဲဆွဲ ဖြစ်တာ သုံးခါတောင်။ ဆရာဘုန်းကြီး ဘာလုပ်မယ်ထင်ပါသလဲ။ ဒါတွေဟာ ဘ၀နိကန္တိကကို ပြောချင်တာပါ။
မသာချရင်း လူပျိုလှည့်
စာရေးသူ မြန်မာနိုင်ငံမှာ အသုဘကို အိုးစည်ဒိုးပတ်နဲ့ အသုဘချတာကို မကြာခဏ ဆိုသလို တွေ့ဖူးတယ်။ ငယ်စဉ်ဘ၀ အသုဘပို့ရင်း သတိထားမိတာက အသုဘပို့တဲ့သူတွေဟာ ငြိမ်သက်ပြီး သံဝေဂယူရင်း လိုက်ပို့ကြတယ်။ အခုခေတ်မှာ အသုဘပို့တဲ့သူတွေက ရယ်လို့မောလို့ လူပျို အပျို လှည့်ကြတာတောင် ပါသေး။
နောက်လာဦးမလား တဲ့
ရွှေအိုးစည်က တီး၊ ကတဲ့သူက က၊ အလောင်းထမ်းပြီး ဆော့တဲ့သူက ဆော့၊ ပြီးတော့ အသုဘအလောင်းကို မြေချခါနီးဖြစ်ဖြစ်၊ မီးရှို့ခါနီးဖြစ်ဖြစ် ခဲနဲ့ ပေါက်ကြတယ်။ ပါးစပ်ကလဲ ပြောကြတယ်၊ နောက်လာအုံးမလားတဲ့။ နောက်ထပ် သေတဲ့ လူတွေ လာမှာ ကြောက်ကြလို့နဲ့ တူပါတယ်။ (လူတွေက မသေတဲ့ အမျိုးလို့ ထင်နေကြပါရဲ့)
နောက် လာအုံးမလား ရဲ့ အကျိုးဆက်က ခဲနဲ့ပစ်ရင်း အသုဘအလောင်းနားမှာ ရှိတဲ့ လူရဲ့ မျက်နှာကို သွားမှန်လို့ အသုဘပွဲက ရန်ပွဲကြီး ဖြစ်ကြပြန်ရော။ ပြောစရာတွေက အများကြီး၊ အသုဘနဲ့ ဖဲဝိုင်း၊ အကျိုးဆက်က ရန်ပွဲ၊ ဒါတွေကလဲ သတိထားဖို့ ကောင်းတယ်။
အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီး
သုံးကြိမ်လျှောက်လည်း ခွင့်မပြု
သားတော် သမီးတော်တို့ မြင်တွေ့ နေရတဲ့ အမေတို့ရဲ့ အမျိုးသမီး ရဟန်းမ (ဘိက္ခုနီ) သာသနာတော်ကြီးကို သားတော် မြတ်စွားဘုရားက လွယ်လွယ်ကူကူနဲ့ သဘောတူ ခွင့်ပြုခဲ့တာ မဟုတ်ဘူးကွယ့်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ်မှာ သားတော် သိဒ္ဓတ္ထက သမ္မာသမ္ဗုဒ္ဓဘုရားရှင် ဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ သားတော်ရဲ့ အသက်က (၃၅)နှစ်ပေါ့။
သားတော်ဘုရား (၃၆)နှစ်အရွယ်၊ မဟာသက္ကရာဇ် (၁၀၄)ခုနှစ် ရောက်တော့ အမေတို့နေရာ ကပိလ၀တ်နေပြည်တော်ကြီးကို သားတော်ဘုရား ကြွလာခဲ့တယ်လေ။
အဲဒီ ကြွလာတဲ့ အချိန်၊ ရလိုက်တဲ့ အခွင့် အရေးကို အမေက ဘယ်လက်လွတ်ခံလိမ့်မတုန်း။ အမျိုးသမီး ရဟန်းမ(ဘိက္ခုနီ)သာသနာ တည်ထောင်ခွင့်ရအောင် လျှောက်ထားတော့ သားတော်ဘုရားက လက်မခံခဲ့၊ ခွင့်မပြုခဲ့ဘူးကွယ့်။ နှစ်ကြိမ်လျှောက့်လဲ ခွင့်မပြု၊ သုံးကြိမ် လျှောက်ပြန်တော့လဲ ခွင့်မပြုခဲ့ပြန်ဘူးကွယ်။
ရဟန်းမတွေ ၀တ်ချင်ရှာ
အော် ဒါနဲ့ ပြောရအုံးမယ်။ သာကီဝင်မင်းသား ငါးရာ သားတော်ဘုရားရဲ့ အထံမှာ ဃရာဝါသ အိမ်ရာတည်ထောင် လူတို့ဘောင်ကို စွန့်ခွါပြီး ရဟန်းတွေ ၀တ်သွားကြတော့၊ ကျန်ရစ်ခဲ့တဲ့ သူတို့ရဲ့ ဇနီး အမျိုးသမီး ငါးရာက အိမ်ထောင် ထပ်မပြုကြဘူးလေ၊ သူတို့လေးတွေကလဲ အမေနဲ့အတူ ရဟန်းမ ၀တ်ချင်ရှာနေကြတာ။
ကျောင်းတော်ကြီးဆီသို့
မဟာသက္ကရာဇ် (၁၀၈)ခုနှစ်၊ သားတော်ဘုရားရဲ့အသက်က (၄၀)အရွယ်၊ အဲဒီအချိန်မှာပေါ့။ သားတော်မြတ်စွာဘုရား ဝေသာလီပြည်၊ မဟာဝုန်တောကြီးထဲက ကူဋာဂါရသာလာကျောင်းတော်မှာ သီတင်းသုံးတယ်လို့ကြားတော့ သားတော်ဘုရားနဲ့ ရဟန်းသံဃာတွေကို အတုယူအားကျပြီး အမေနဲ့အတူ သာကီဝင်မင်းသမီး ငါးရာတို့ဟာ ဆံပင်တွေကိုဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်ပြီး သားတော်ဘုရားရဲ့ ကျောင်းတော်ကြီးဆီကို သွားကြမယ်ပေါ့။
ခြေဖ၀ါး နုနု သွေးခြေ ဥ ပါပေါ့
အဲဒီလို သွားမယ်လို့ ဟန်ပြန်တော့ သာကီမင်းတွေက ယာဉ်ရထားနဲ့ သွားဖို့ သူတို့ စီစဉ်ပေးမယ်ဆိုတဲ့ အကြောင်း ပြောပါတယ်။ အမေတို့တတွေက အဲဒီလိုသွားရင် သားတော်ဘုရားကို မရိုသေရာ ရောက်မှာစိုးလို့ သူတို့ စီစဉ်ပေးမယ့် ယာဉ် ရထားတွေကို ငြင်းပယ်ပြီး ဖိနပ်ပါ မစီးဘဲနဲ့ သားတော်ဘုရားရှိရာ မဟာဝုန်တောကြီးထဲကို သွားကြတာပေါ့။ ဖုန်တွေကထူ၊ လမ်းခရီးကလဲ ကြမ်းတော့၊ ဖုန်တွေက ခန္ဓာကိုယ်မှာ အလိမ့်လိမ့်ကပ်၊ ခြေဖ၀ါတွေမှာ ဖိနပ်တစ်ခါမှ မစီးဘဲ မလျှောက်ဘူးတော့ သွေးခြေတွေဥ၊ ပေါက်ပြဲပြီးတော့ သွေးသံရဲရဲ ဖြစ်နေတာပေါ့ကွယ်။
မျက်ရည်လေးတွေ ပါးပြင်မှာ ခိုဆင်းလို့
သားတော်ဘုရားရဲ ကျောင်းပရ၀ဏ်အတွင်းကို ရောက်တာနဲ့ သားတော်ဆီကို တန်းပြီး မသွားရဲသေးဘူး။ သားတော်ဘုရားရဲ့ ခွင့်ပြုချက်ကို မရယူဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆံပင်တွေဖြတ်၊ ဖန်ရည်စွန်းတဲ့ အ၀တ်တွေကို ၀တ်လာတာဆိုတော့ ဘယ် တန်းပြီးတော့ သွားရဲပါ့မလဲ။
ဒါနဲ့ အမေလဲ အားတင်းပြီး သာကီ မင်းသမီး ငါးရာကို အပြင်မှာထား၊ အမေက သားတော်ဘုရားရဲ့ ကျောင်းတော် အပေါက်ဝလေးမှာပေါ့။ အထဲဝင်ရကောင်းနိုး မ၀င်ရကောင်းနိုးနဲ့ ချီတုံ ချတုံ ဖြစ်နေခဲ့တယ်။ နောက်ပြီး ၀မ်းနဲစိတ်တွေ ၀င်ပြီး သူ့အလိုလိုပဲ မျက်ရည်တွေက ပါးပြင်မှာ ခိုဆင်းလို့ပေါ့။
ရင်တထိတ်ထိတ်နဲ့ ကျန်ရစ်နေခဲ့
သိပ်မကြာလိုက်ပါဘူး၊ ကံကောင်းချင်တော့ သားတော် အရှင်အာနန္ဒာ ရောက်လာခဲ့တယ်လေ။ သားတော် အာနန္ဒာလဲ တွေ့တွေ့ချင်း အမေ့ရဲ့အ၀တ်အစား အသွင်အပြင်၊ ကိုယ်စိတ် ဆင်းရဲနေပုံ၊ ခြေဖ၀ါးနုနုမှာ သွေးခြေတွေဥ၊ ခန္ဓာကိုယ်မှာ ဖုန်အလိမ့်လိမ့်ကပ်ပြီး မျက်ရည်ကျနေတာကို တွေ့တော့ အရမ်းအံ့သြလို့ နေတယ်လေ။ ပြီးတော့ အကျိုးအကြောင်းမေးတော့ အမေလဲ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ဆန္ဒတွေကို ဖော်ထုတ်လိုက်တာပေါ့။
သားတော်အာနန္ဒာက အားကိုးရပါတယ်။ အမေ့ကိုလေ . . . “မယ်တော်ကြီးရယ် ဒီလောက်လဲ စိတ်သောက ရောက်မနေပါနဲ့၊ သားတော်လျှောက်ပေးပါ့မယ်” လို့ ပြောပြောဆိုဆို နဲ့ သားတော်ဘုရားရဲ့ ကျောင်းတော်ရာထဲဝင်သွားတော့ အမေလေ ရင်တထိတ်ထိတ်နဲ့ တံခါးဝနားမှာ စောင့်လို့ ကျန်ရစ်နေခဲ့ရတာ။
အရှင်အာနန္ဒာရဲ့ စွမ်းရည်သတ္တိ
သားတော်လေး အာနန္ဒာက အထဲ ၀င်သွားပြီးတဲ့နောက် အမေ့ရဲ့ ပုံပန်းအသွင်ကို သားတော်ဘုရားအား အရင် လျှောက်ပြီး၊ မယ်တော်ကြီး ရဟန်းမ၀တ်လိုပါကြောင်း ခွင့်တောင်း လျှောက်ထားတော့တာပါပဲ။
သားတော်ဘုရားက နှစ်ကြိမ်မက သုံးကြိမ်တိုင်အောင် ပယ်မြစ်လိုက်တော့ သားတော်လေးအာနန္ဒာလဲ ပရိယာယ်စကားနဲ့ လျှောက်ထားပြန်တယ်။
“ ဘုန်းတော် နေ၀င်း ထွန်းလင်းတောက်ပတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေအတွက် အိမ်ယာတည်ထောင် လူတို့ဘောင်မှ စွန့်ခွါပြီး၊ ရဟန်းမ၀တ်ပြီး တရားအားထုတ်ပါလျှင် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတော်တွေကို အများသားများ နည်းတူ ရနိုင်၊ ရောက်နိုင်၊ မျက်မှောက်ပြုခွင့်များ ရှိနိုင်ပါ့မလားဘုရား”။
“ရနိုင်၊ ရောက်နိုင်၊ မျက်မှောက် ပြုနိုင်တာပေါ့၊ အာနန္ဒာ” လို့ မြတ်ဗုဒ္ဓက မိန့်တော်မူတော့ . .
“ဘုန်းတော် ကြီးတော်မူသော မြတ်စွာဘုရား၊ အမျိုးသမီးတွေလည်း မဂ် ဖိုလ် နိဗ္ဗာန် ရနိုင် ရောက်နိုင် မျက်မှောက်ပြုခွင့် ရနိုင်တယ်ဆိုရင် . . .
မယ်တော် မဟာပဇာပတိ ဂေါတမီသည် မြတ်စွာဘုရား၏ မိထွေးတော်ပါဘုရား။ အရှင်ဘုရားကို ဖွံ့ထွား ကိုယ်လက်၊ ကိုယ်နေစည်ကား ကြီးပွားခြင်းသို့ရောက်အောင် စောင့်ရှောက်ပေးခဲ့တဲ့ မယ်တော်ကြီးပါဘုရား။
ငယ်စဉ်တောင်ကျေး ကလေးဘ၀မှ အစပြုကာ၊ ရေမိုး ချိုးပေး၊ အစာတွေကို ၀ါး၍ ကျွေးမွေးခဲ့ရတဲ့ မယ်တော်ကြီးပါဘုရား။
အရှင်ဘုရား ၇-ရက်အရွယ် ဥမမယ် စာမမြောက် အရွယ်မရောက်သေးသည့်အချိန်မှ စ၍ အရွယ်တော်ရောက် လူလားမြောက်သည်အထိ နို့ချိုတိုက်ကျွေး မွေးမြူခဲ့ရတဲ့ မယ်တော်ကြီးပါဘုရား။
ထို့ကြောင့် . . .
ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား မိထွေးတော်ကြီးအမှူးရှိသော သာကီ အမျိုးကောင်းသမီးတို့အား ရဟန်းမ ၀တ်ခွင့် ပြုတော်မူပါဘုရား”လို့ သားတော်လေး အာနန္ဒာက လျှောက်ထားတော့ . . .
သားတော် မြတ်စွာဘုရားက . .
“ဂရုဓမ် တရား ရှစ်ပါး(မဟာဗုဒ္ဓ၀င်ရှု)ကို လိုက်နာ ကျင့်သုံးနိုင်မယ်ဆိုရင်တော့ ရဟန်းမ ၀တ်ခွင့်ပေးမယ်”လို့ မိန့်တော် မူလိုက်မှ သားတော်အာနန္ဒာလဲ စိတ်အေး ချမ်းသာသွားပြီး အမေ့ဆီ ပြန်လာခဲ့တာပေါ့။
အမေနဲ့ ပါလာခဲ့တဲ့ သာကီမင်းသမီး ငါးရာတို့ကလဲ ဦးလည်မသုန် လေးစား လိုက်နာပါ့မယ်ဆိုလို့ ဘိက္ခုနီမသာသနာ တော်ကြီး ပေါ်ပေါက်လာတာ။
အစဉ်တစိုက် ကြိုးစားလိုက်ကြစမ်းပါ
“အို . . . သားတော် သမီးတော်တို့ ဒီအချိန်ဟာ စိုးရိမ်ပူဆွေ ငိုးကြွေးနေရမယ့် အချိန်မဟုတ်တော့ဘူး။
(ထီနံ အဒါသိ ပဗ္ဗဇ္ဇံ၊ သမ္ဗုဒ္ဓေါ ယာစိတော မယာ။ တသ္မာ ယထာဟံ နန္ဒိဿံ၊ တထာ တမနုတိဋ္ဌထ။)
ခက်ခက် ခဲခဲ ပင်ပင် ပန်းပန်း ဆင်းဆင်း ရဲရဲနဲ့ ရခဲ့ရတဲ့ ဘိက္ခုနီမ သာသနာတော်ကြီးကို အမေလေ အရှည်ခံ့ပြီး တည်တံ့ဖို့ အတွက် အရမ်းအလိုရှိတယ်ကွယ်။ ဒါကြောင့် သားတော် သမီးတော်တို့ဟာ ဘိက္ခုနီမ သာသနာတော်ကြီးအတွက် ဆက်လက်ပြီး ဘိက္ခုနီမသာသနာတော်ကြီး တိုးတက်စည်ပင် ပြန့်ပွားဖို့အတွက် အစဉ်တစိုက် ကြိုးစား လိုက်ကြစမ်းပါကွယ်။
လမ်းဘေး ၀ဲ ယာ တဖက် တချက်မှာ ရှိတဲ့ မိထွေးတော်ကြီးရဲ့ ဘ၀ခရီးကို နှုတ်ဆက် ကန်တော့ကြတဲ့ သားတော် သမီးတော်တွေကို နောက်ဆုံး တရားဟောရင်း . . . မိထွေးတော်ကြီးတို့ သားတော်ဗုဒ္ဓမြတ်စွာရှိရာ ကျောင်းတော်ဆီသို့ ဦးတည်လိုက် ကြတယ်။
(ရေးပြီးသား ပို့စ်များကို ပြည်လည် စုပေါင်း၍ ဖော်ပြခြင်းမျှသာ)
မောင်ပညာ (မန်းတက္ကသိုလ်)
မဟာချူလာလောင်ကွန်းတက္ကသိုလ်
ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ