မှာချင်တယ် ၀င်းကြည်မရယ် (၁)
ရေကြည်ရာနှင့် မြက်နုရာ စီးပွားရှာဖို့ သွားကြတယ်၊ မြို့ကြီး ပြကြီး ဟိုမှာ ဒီမှာ အုတ်သယ် ပန်းရံလုပ် အဟုတ်ကို ကိုက်တယ်။ အေးကြည်မ တို့ အဖော်က တဆွယ်ဆွယ် အမေ့ကို ကန်တော့ကာ မြို့ကို တက်ခဲ့တယ်။
ဒီသီချင်းက ၀င်းကြည်မတို့ ဟို . . . ငယ်ရွယ်စဉ် အချိန်ကတည်းက ကြားခဲ့ရသည့် မောင်ကြေးမုံ ရေးသားထားသော သီချင်းဖြစ်သည်။ လိုက်ဆိုဖြစ်သလို အလွတ်လည်း ရနေသည်။ အချိန်တန်လို့ အပျိုကြီးဖားဖား ဖြစ်လာပြန်တော့လည်း သီချင်းလေးထဲက အေးကြည်မကို အားကျမိရင်း ဒီသီချင်းလေးကိုပင် ပြန်လည်သီဆိုမိပြန်သည်။
ဟုတ်သည်လေ . . .။ တောမှာ တနေ့တာ အလုပ်လုပ်၍ ရသည့် ငွေကြေးနှင့် မြို့မှာ တနေ့တာ အလုပ်လုပ်၍ ရသော ငွေကြေးတို့က နှိုင်းယှဉ်ကြည့်လျှင် မယုံကြည်နိုင်စရာ။
တောမှာ ဆို နံနက်ငါးနာရီထိုးပြီဆိုသည်နှင့် မိုးမလင်းခင်ကတည်းက သနပ်ခါးကို မျက်နှာပြင်မှာ အကုန်တင်၊ နေပူမှာ စိုးသည့်အတွက် ခေါင်းကိုအုပ် လက်နှင့်ခြေထောက်ကို ထုတ်ကာ မီးနေသည်အလား လယ်တောသို့ ဆင်းရတော့၏။ နေ့ခင်း ထမင်းစားရသည့် အချိန်က (၁၂)နာရီ၊ ပြီးတော့ အားလုံးပေါင်းမှ အနားရသည့် အချိန်က (၁)နာရီ၊ ထို့နောက် နေပူကျဲကျဲမှာ လယ်တောထဲသို့ ဆင်းရပြန်၏။ အမိုးအကာက မရှိ။ နေရောင်ခြည်၏ အပူရှိန် လင်းအားထုကို အာခံရင်း ဘ၀ကို မမှု လောကဓံကို အန်တုလျက် အလုပ်လုပ်လိုက်ရသည်များမှာ ညနေ အိမ်ပြန်ချိန်ရောက်တော့ မိုးစုန်းစုန်း ချုပ်ပေပြီ။
အိမ်ပြန်ရောက်လို့ ရေမိုးချိုး၊ အ၀တ်စားလဲ၊ ထမင်းစားပြီးသည်နှင့် ည(၉)နာရီ ထိုးပေပြီ။ ရှေးအစဉ်အလာ မိဘတို့၏ စည်းစနစ်ကြီးမှုကြောင့် ၀င်းကြည်မတို့မှာ အိမ်မလည်ရ။ ရွာမှာရှိသည့် တစ်လုံးတည်းသော တီဗှီ(ရုပ်မြင်သံကြား)ကိုပင် ကြည့်ခွင့် မရရှာခဲ့။ ၀င်းကြည်မတို့ရဲ့ ဘ၀က လူ့အဖြစ်ကို ရရှိသော်လည်း လူ့ငရဲခန်းပမာ။ နေ့စဉ် နေ့စဉ် သီချင်းလေးထဲက အေးကြည်မအဖြစ်ကိုသာ တောင့်တ နေမိတော့သည်။
ဘ၀တဆစ်ချိုးအဖြစ် ပြောင်းလဲနိုင်မည့် နေ့ တနေ့ . . . ။ နွေရာသီ ကျောင်းပိတ်ချိန် ရန်ကုန်မြို့ရှိ စာသင်တိုက်မှ ရွာသို့ ပြန်ကြွလာသော ကိုရင်ပညာသာမိကို လယ်တောမှ အပြန် ၀င်းကြည်မတို့ အိမ်တွင် အမှတ်မထင် တွေ့လိုက်ရ၏။ ၀င်းကြည်မတို့ ရွာရဲ့အစဉ်အလာက စာသင်တိုက်က ပြန်ကြွလာသော စာသင်သား ရှင်ငယ် ရဟန်းငယ်များကို ညဖက်မှာ ပင့်၍ ရေနွေးကြမ်းကပ်၊ တရားဓမ္မများ ဆွေးနွေးလျက် လှူစရာ ရှိသည်များကို လှူ၊ မေးစရာရှိသည်များကို မေးလေ့ရှိကြ၏။
နေ့ခင်းဖက်ကြတော့ အလုပ်ကိုယ်စီနဲ့မို့ မအားလပ်ကြ။ ငယ်စဉ်က ကျောင်းနေဖက်လည်းဖြစ်၊ ကစားဖော် ကစားဖက်လည်းဖြစ်လို့ မြို့ကအခြေအနေများ၊ မြို့ကြီးသူတို့၏ ဟန်ပန်အမူအရာများကို မေးလိုက်ချင်၊ စကားပြောလိုက်ချင်သည်မှ အရမ်း။
သို့သော် . . . ဘ၀တွေက ခြားခဲ့ပေပြီ။ အရွယ်တွေကလည်း လူပျို အပျိုအဖြစ် ရောက်ခဲ့ပြီမို့ ခပ်ဝေးဝေးကသာ ဦးချ ကန်တော့ရင်း အမေတို့နှင့် စကားပြောနေသည်ကိုသာ နားထောင်နေမိတော့သည်။
အချိန်အတော်ကြာသည်နှင့် အမေတို့နှင့် စကားစ ပြတ်သွားသည့်အချိန် ကိုရင်သာမိက (၀င်းကြည်မတို့ ငယ်စဉ် အခေါ်) မိမိဖက်သို့ မျက်လုံးဝင့်၍ “ ဟဲ့ . . . ၀င်းကြည်မ ၊ ဘယ့်နှယ့် . . . ၊ အလုပ်လုပ်ရတာ အဆင်ပြေရဲ့လား၊ တော်တော်ရော ပင်ပန်းသလား၊ မြို့မှာရော အလုပ်မလုပ်ချင်ဘူးလား ” ဟု မေးလိုက်၏။
ကိုရင်သာမိ၏ သုံးချက်ဆင့် အမေးကြောင့် ၀င်းကြည်မ ဘာပြန်ဖြေရမည် မသိ။ ကိုရင်သာမိကို ငေးလို့သာ ငေးကြည့်နေမိပြန်၏။
“ ဟဲ့ . . . ၀င်းကြည်မ၊ ကိုရင် မေးနေတာ ဖြေလိုက်လေ ” ဟု အမေရဲ့ သတိပေးမှုကြောင့် သတိ ပြန်ဝင်လာကာ “ ကိုရင်ရယ်. . . ၊ အလုပ်က မြို့မှာလောက်တော့ ဘယ်အဆင်ပြေပါ့မလဲ။ တောမှာ အလုပ်လုပ်ရတာက အရမ်း ပင်ပန်းတယ်လေ။ ၀င်ငွေကလည်း မြို့နဲ့စာရင် အဆ နှစ်ဆယ်လောက် ကွာတာ ကိုရင် အသိပဲလေ။ ဒီမှာက ကိုယ့်ထမင်း ကိုယ်စားပြီး တနေကုန် အလုပ်လုပ်မှ နှစ်ရာလောက် ရတာရယ်။ ပင်ပန်းသလားဆိုတော့ မွေးကတည်းက လုပ်နေရတဲ့ အလုပ်ဆိုတော့ အသားကျနေပါပြီ။ ပင်ပန်းတယ်လို့လည်း မဟုတ်တော့ပါဘူး။ တပည့်တော်တို့က အမေနဲ့သမီး၊ ပြေးကြည့်လို့မှ ဒီနှစ်ယောက်တည်း ရှိတာရယ်။ တပည့်တော်မှ ပိုက်ဆံများများ မရှာနိုင်ရင် ဘယ်သူ ရှာကျွေးမလဲ။ အမေက အသက်ကြီးပြီလေ။ မြို့မှာ အရမ်း အလုပ်လုပ်ချင်တယ် ကိုရင်။ ကိုရင့်အသိ ဒကာ ဒကာမများ ရှိခဲ့ရင် ပြောပေးပါအုံး ကိုရင်ရယ် . . . ” ။
“ ဟဲ့ ၀င်းကြည်မ . . . ၊ နင့် အပူတွေ ကိုရင့်ကို သွားမပေးနဲ့။ ကိုရင်က မြို့မှာ စာကျက်၊ စာသင်၊ စာအန်၊ စာပြန်နဲ့ အားတယ်လို့ကို ရှိတာ မဟုတ်ဘူး။ အားလပ်တဲ့ ရက်တွေမှာ ရွာကို ပြန်ပြီး အနားယူနေတဲ့ အချိန် ကိုရင့် ကို အနှောင့် အယှက် မပေးပါနဲ့အေ . . .” ဟု အမေက ၀င်းကြည်မကို ဟန့်လိုက်၏။
“ ရပါတယ် ဒကာမကြီးရယ်၊ ကိုရင်တို့က ငယ်သူငယ်ချင်းတွေပဲ၊ ပြောပါစေ . . .။ ဒါနဲ့ ခုပြောထားတဲ့ မြို့မှာ အလုပ် လုပ်မလားဆိုတာက ကိုရင့် အသိ ဒကာကြီးတယောက်နဲ့ စကားစပ်မိလို့ ပြောကြရင်း အလုပ်ရှိတယ် လခ ကောင်းတယ်ဆိုတာ သိရတာ။ ၀င်းကြည်မ၊ နင် အလုပ် လုပ်ချင်တယ်ဆိုရင် ကိုရင့် အသိ ဒကာကြီးကို အကြောင်းကြား အသိပေးကြည့်လိုက်မယ်။ အလုပ်က အဆင်ပြေတယ်ဆိုရင်တော့ ရမှာပေါ့” ဟု ကိုရင်က စကား ဆိုလိုက်၏။
ဝင်းကြည်မ ဘယ်လို ၀မ်းသာသွားမှန်း မသိတော့၊ ပါးစပ်ကလည်း ယောင်တိယောင်ကန်းဖြင့် အမှတ်မထင် “ကိုရင်ရေ . . . ဖြစ်နိုင်ရင်၊ မနက်ဖြန်ပဲ မြို့တက်ပြီး အကြောင်းပေးပါတော့ဘုရား”ဟု လျှောက်လိုက်မိ၏။
“ ကိုရင်ရေ၊ ကိုရင့် သူငယ်ချင်းကတော့ ပြောသင့်တဲ့ စကားလား၊ မပြောသင့်တဲ့ စကားလားဆိုတာတောင် မခွဲခြားတော့ဘူး။ ခွင့်လွှတ်ပါ ကိုရင်” ဟု အမေက အားနာစွာဖြင့် ကိုရင်သာမိကို ပြန်လျှောက်ထားသံကိုပင် ၀င်းကြည်မ သဲသဲကွဲကွဲ မကြားနိုင်တော့။ ဒါတောင်မှ အလုပ်က သေသေချာချာ ရနိုင်မည်ဟု မသိရသေး။ ၀င်းကြည်မတို့ ရင်ထဲမှာ ကုလားဘုရားပွဲကတော့ လှည့်နေပေပြီ။ ၀မ်းသာလွန်းအားကြီး၍ ဘာသံမှပင် မကြားမိတော့။ တခါမှ မရောက်ဖူးသော ရန်ကုန်ရွှေမြို့တော်ကြီးကိုသာ စိတ်ကူးဖြင့် ရော်ရမ်းမှန်းဆကာ မြင်ယောင်နေမိတော့သည် ။
အပိုင်း (၂) ဆက်လက်ရေးသားပါမည်။
ဒီလိုနှင့် ၀င်းကြည်မတယောက် အမေ့နှင့် ရွာဦးကျောင်းဆရာတော်ကို ကန်တော့ကာ ရန်ကုန် ရွှေမြို့တော်ကြီးဆီသို့ ရောက်ခဲ့ပေပြီ။ မြို့ရောက်စ အချိန်တုန်းကဆို မျက်စိကို အနားပေးရသည် မရှိ။ အရာအားလုံးက ကြည့်ချင်စရာတွေ၊ မမြင်ဘူးတာတွေချည်း။
မြို့ရွှေမမတို့ရဲ့ ၀တ်စားထားတဲ့ ပုံစံတွေကို ငေးမိ၊ အားကျမိရင်း . . . ၊ ၀င်းကြည်မ ကိုယ့်ကိုယ်ကို သတိထားမိ လိုက်၏။ မိမိ ၀တ်စားထားသည်များက ဆံပင်က ဘီးစပတ်၊ (၀င်းကြည်မ က ရွာမှာဆို ဆံပင် အရှည်ဆုံး၊ အမေကဆို “ငါ့သမီး ဆံပင်က သိပ်ကောင်းတာ၊ လုံးဝ မဖြတ်ပစ်နဲ့နော်” ဟု မြို့တက်ခါနီး မှာလိုက်သေးသည်။) မျက်နှာမှာက သနပ်ခါးဘဲကြား၊ အင်္ကျီက ရင်ဖုန်း၊ ထမီကြည့်ပြန်တော့ နွေတုန်းက ကိုရင်သာအေးတို့ ရှင်ပြုပွဲမှာ ကွမ်းထောင်ကိုင်ရင်း ၀တ်ဖို့အတွက် ချုပ်ထားတဲ့ ချိပ်ထမီ။
ဒါကြောင့် ဖြစ်မှာ ၊ မြို့ရွှေမမတို့က ၀င်းကြည်မကို ကွက်ကြည့် ကွက်ကြည့်လုပ်ပြီး ရယ်သွားကြ၏။ အစကတော့ “ငါလှလို့ ကြည့်တာနေမှာ” ဟု မိမိကိုယ်ကိုယ်ကို မိမိ အထင်ကြီးမိသော်လည်း သေသေချာချာ ကြည့်လိုက်တော့မှ . . . .
မိမိရဲ့ “တိုက်ဂေါ” ပုံစံကို ရိပ်မိသွားကာ မိမိ လုပ်ရမည့် အလုပ်တိုက်ဆီသို့သာ စိတ်က ရောက်နှင့်နေတော့သည်။ တဆက်တည်းမှာပင် “နေနှင့်အုံးပေါ့ မြို့ရွှေသူတွေရယ် . . .။ ငါလည်း ညီးတို့လို မြို့ရွှေသူ ဖြစ်တော့မှာပါ။ နောက်မှ ညီးတို့နဲ့ငါ ဘယ်သူနိုင်မလဲဆိုတာ အလှချင်းပြိုင်ကြတာပေါ့ ” ဟု စိတ်ထဲမှ ကြုံးဝါးလိုက်မိ၏။
ဒီလိုနှင့် နာရီလက်တံများက ၀ါးမြိုသွားခဲ့၍ တနှစ်တာကာလ အချိန်တွေ ကုန်ဆုံး သွားခဲ့ပေပြီ။ ကိုရင်ပညာသာမိတို့ စာမေးပွဲများလည်း ဖြေဆိုမှု ပြီးဆုံးခဲ့ပေပြီ။ ကျောင်းပိတ်ရက်အတွင်း ရွာမှာ အပန်းဖြေလို့ ကလေးတွေအတွက် ယဉ်ကျေးမှုတွေ သင်ရင်းဖြင့် အချိန်ကုန်ဆုံးဖို့ စာအုပ်တွေသိမ်းကာ အထုပ်တွေ ပြင်ဆင်ရတော့၏။ အထုပ်တွေပြင်ရင်းဖြင့် ၀င်းကြည်မကို သတိရလိုက်မိ၏။
“ အင်း . . . ဘာလိုလိုနဲ့ ၀င်းကြည်မ မြို့ကို ရောက်တာ တနှစ်တောင် ပြည့်တော့မှာပါလား။ ခုချိန်ဆို ၀င်းကြည်မလည်း နေသားကျလောက်ပြီ၊ အလုပ်အကိုင်ရော အဆင်ပြေလားမသိ။ အင်း . . . မနက်ဖြန်ဆို တနင်္ဂနွေနေ့ပဲ။ ၀င်းကြည်မတို့ အလုပ်ပိတ်မယ် ထင်တယ်။ ရွာကို စာလေးဘာလေးရေးဖို့နဲ့ မှာချင်တာများ မှာလို့ရအောင် ကြွအုံးမှပဲ” ဟု ကိုရင်ပညာသာမိ စိတ်ကူးမိလိုက်၏။
တနင်္ဂနွေနေ့ မွန်းတည့် (၁၂)နာရီခန့် ဆွမ်းစားပြီးသောအချိန်၌ ကျောင်းထိုင်ဆရာတော်ကို ခွင့်ပန်၍ ဘုန်းကြီးဆေးပင် မသုံးဆောင်တော့ဘဲ (စားပြီးတရေး ဘုန်းကြီးဆေးဟု ကျေးဇူးရှင် အမျိုးသမီးတဦး ပြောဖူးသည်။ စကားချပ်။) ၀င်းကြည်မတို့ ရှိရာ အလုပ်တိုက်ဆီသို့ ကိုရင် ပညာသာမိ ကြွလာခဲ့၏။
အလုပ်တိုက်ဆီသို့ အရောက် . . . .
အပိုင်း (၃) ဆက်လက်ရေးသားပါမည်။
မှာချင်တယ် ၀င်းကြည်မရယ် (၃)
အလုပ်တိုက်ဆီသို့ အရောက် ခြံစောင့် ဒကာကြီးအားခွင့်ပန်၍ အထဲသို့ရောက်သည်နှင့် အလုပ်ရှင်အား ၀င်းကြည်မနှင့် တွေ့လိုကြောင်း ပြောလိုက်ရာ ၀င်းကြည်မ ရှိရာ အဆောင်သို့ သေသေချာချာ လိုက်ပို့ပေး၏။
ဧည့်ခန်းမတွင် ခေတ္တခဏ စောင့်ဆိုင်းပြီးနောက် ၀င်းကြည်မ ထွက်လာကာ ကိုရင် ပညာသာမိကို ရိုသေစွာ ကန်တော့၏။ ကိုရင် ပညာသာမိကား ၀င်းကြည်မကို မမှတ်မိ။
“ဒကာမလေး၊ ၀င်းကြည်မ မရှိဘူးလား”ဟု မေးလိုက်မိ၏။
ဝင်းကြည်ကြည်မလည်း လှိုက်လှိုက်လှဲလှဲ ရယ်လျက်
“ကိုရင် သာမိ ရယ်၊ တပည့်တော်မကိုတောင် မမှတ်မိတော့ဘူးလား” ဟုဆိုတော့မှ ၀င်းကြည်မမှန်း သိရတော့၏။
သြော် “ တစ်နှစ်တာ ကာလရဲ့ ပြောင်းလဲမှုပေပဲ”ဟု ကိုရင် ပညာသာမိ တွေးလိုက်မိ၏။
ထို့နောက်
“၀င်းကြည်မရယ်၊ နင့် ဆံပင်တွေ ဘယ်ရောက်သွားလို့ ဘိုဆံတောက် ဖြစ်နေရတာလဲ။ နောက်ပြီး နင်က သနပ်ခါး မလိမ်းဘဲ နှုတ်ခမ်းနီ ပါးနီတွေနဲ့ဆိုတော့ ငါတောင် မမှတ်မိတော့ဘူး။ ရွာက နင့်အမေနဲ့ ရွာသူ ရွာသားတွေလည်း မှတ်မိမယ် မထင်တော့ဘူ”။
“ကိုရင်ကလည်း သိရဲ့သားနဲ့ ။ မြို့မှာနေတော့လည်း မြို့စတိုင်လ်ပေါ့။ တောစတိုင်လ်နဲ့ နေလို့ ဘယ်ဖြစ်ပါ့မလဲ။ တပည့်တော်တို့ ငယ်ငယ်က ရွာဦးကျောင်းဆရာတော်ဆီမှာ သင်ခဲ့ရဖူးတဲ့ “ကာလံ ဒေသံ” ပေါ့။ အခြေအနေနဲ့ အချိန်အခါ အရပဲလေ။ မဟုတ်ဘူးလား ကိုရင်” ဟု ၀င်းကြည်မက ပြုံးလျက် ကိုရင် ပညာသာမိကို မေးခွန်းထုတ်လိုက်၏။
“ ဟုတ်တော့ ဟုတ်ပါတယ်ဟာ။ ဒါပေမယ့် နင်ပြောတဲ့ ကာလံ ဒေသံ ဆိုတာက ဒါက မြန်မာပြည်လေ။ နိုင်ငံခြားမှ မဟုတ်တာ။ မြန်မာပြည်မှာတောင် ဒီလိုဖြစ်နေရင် နိုင်ငံခြားရောက်ရင် နင် ဘယ်လိုဖြစ်မလဲ။ ငါတို့တတွေရဲ့ သားသမီးတာဝန် ၀တ္တရားတွေထဲမှာ မွေခံထိုက်စေ ဆိုတာ ပါတယ်။ အဲဒါ မိဘရဲ့ ပစ္စည်းဥစ္စာ အမွေကိုတင် ပြောတာမဟုတ်ဘူး။ ရိုးရာယဉ်ကျေးမှု အမွေကို ခံယူထိန်းသိမ်းရမယ်လို့ပြောတာ။
နောက်တခု စဉ်းစာကြည့်ရင် နင် နိုင်ငံခြားကို ရောက်ပြီဆိုပါတော့ ပတ်ဝန်းကျင် အနေအထားအရ မြန်မာထမီ၊ သနပ်ခါးတွေကို မ၀တ်နိုင်ဘူး၊ မလိမ်နိုင်ဘူး ထားပါတော့၊ ကိုယ့် အိမ်ရောက်တဲ့ အချိန်မှာ မြန်မာထမိန် မ၀တ်သင့်ဘူးလား။ သနပ်ခါးရော လိမ်လို့ မရနိုင်ဘူးလား။ ဘုန်းကြီး ရဟန်းသံဃာတွေနဲ့ တွေ့တဲ့အခါ ဒူးပေါ် ပေါင်ပေါ်တွေနဲ့ (ဓမ္မဂါရ၀) တရားအရိုအသေရော ဖြစ်ပါ့မလား။ နင်က ခု မြန်မာပြည်မှာပဲ ရှိပါသေးတယ်ဟာ။ အခြေအနေနဲ့ အချိန်အခါကို ငါနားလည်ပါတယ်။ ရိုးရာ အမွေ ယဉ်ကျေးမှုတွေ ပျောက်ကုန်မှာ စိုးလို့ပါ။
နင် သတိရအုံးမှာပေါ့။ ငယ်ငယ်တုန်းက နင် အော် အော်ပြီးတော့ ဆိုနေတဲ့ သီချင်းလေ။ ငါတောင်မှ နင် ဆိုလွန်းအားကြီးလို့ မှတ်မိနေသေးတယ်။ ဘာတဲ့ . . .
“ထမင်းစားတိုင်း အစဉ်သတိရပါ။ ဆန်ဆိုသည်မှာ ရွာမှာနေတုန်း ငါတို့က စိုက်တဲ့ စပါးက ဖြစ်တယ်။ ဘို ဆံတောက်ညှပ်တော့ ပြန်သတိရပါ။ ရွာအလှူမှာဆို ကေသာမင်ပိတုန်း အားလုံးငေးတဲ့ အပျိုချောလေးရယ်၊ နောက်ပြီး ဘာတဲ့ . . . . ဘို သီချင်းရွတ်တော့ ပြန်သတိရပါ။ ဆရာတော်ကိုယ်တိုင် သင်ကာ အံ ဖတ် ၀တ်တက် အသင်းရဲ့ အတော်ဆုံး ညီမရယ်” ဆိုတာလေ။
ခုတော့ နင်က သတိမေ့နေပြီကိုး။ ပြီးတော့ ဘ၀ပါ မေ့တော့မှာ။ နင်နဲ့ ငါက ငယ်သူငယ်ချင်းတွေလေ။ ပြီးတော့ ခုနေ အချိန်မှာ ငါက ဘာသာရေးခေါင်းဆောင် ဖြစ်နေပြီ။ ပြောသင့်တယ် ထင်တာကို ငါတော့ ဆက်ပြောရမှာပဲ။
နင် သတိထား စဉ်းစားရမှာက “နင် ဘယ်သူလဲ။ နင် ဘာလူမျိုးလဲ။ နင် ဘယ်ကလဲ။ နင် ဘယ်ကို သွားလို့ ဘယ်ကို ပြန်မှာလဲ” ဆိုတာပဲ။
နင်က ရန်ကုန်ရွှေမြို့တော်ကို ရောက်ပြီး လခတွေကောင်းလို့၊ အစားအသောက်တွေ ပေါလို့၊ နေရာ ထိုင်ခင်းတွေ ကောင်းလို့ နင့်ဘ၀ ဘယ်လောက်ကြီးပဲ မြင့်မားနေ မြင့်မားနေ၊ နင်က ဒီဘ၀မှာတော့ ၀င်းကြည်မက ၀င်းကြည်မပဲ။ နင့်ရဲ့ ဒီ ဘ၀ ဒီ ခန္ဓာ၊ နင့်ရဲ့ မွေးတဲ့ အမေနဲ့ ကျွေးခဲ့တဲ့ အဖေ။ ပညာသင်ပေးခဲ့ဖူးတဲ့ ဆရာသမား၊ အရွယ်ရောက် လူလားမြောက်အောင် နေထိုင်ခွင့် ပေးခဲ့တဲ့ မွေးရပ်ဇာတိ၊ ပညာသင်ဖက် ဆော့ဖော် ဆော့ဖက် သူငယ်ချင်းတွေ၊ ဒါတွေကို နင် မေ့သွားပြီးလား။ မေ့ ပစ်ဖို့ မကြိုးစားသင့်ဘူး။ မေ့ပစ်ဖို့လည်း မသင့်တော်ဘူးဆိုတာ နင် သတိရသင့်၊ စဉ်းစားသင့်တယ်။
ရွာဦးကျောင်း ဆရာတော် ငါတို့ကို သင်ပေးခဲ့ဖူးတဲ့ ဘယ်လိုမှ မမေ့ကောင်းတဲ့ အရာတွေထဲမှာ မွေးရပ်ဇာတိ ပါတယ်။ နောက်ပြီး နင်မြို့တက်ခါနီး ဆရာတော် ဆုံးမလိုက်တဲ့ စကားကို နင်မေ့သွားပြီလား။ ဆီးသီးသည် မဗျိုင်း မဖြစ်စေနဲ့ ဆိုတာလေ။ ဒီထက် ပို အရေးကြီးတာက နင်က သူများ မဟုတ်ဘူး။ နင့် အမေကို လုပ်ကျွေးရမယ့် တာဝန် နင့်မှာ အပြည့်ရှိတယ်။ နင့်အဖေ ကွယ်လွန်သွားတာတောင် အရွယ်ရှိရဲ့သားနဲ့ အိမ်ထောင်မပြုဘဲ အရွယ်ရောက် လူလားမြောက်အောင် နင့် ကျွေးမွေး ပြုစုခဲ့တာ။ ပညာတွေ သင်ပေးခဲ့တာတွေကို နင် မေ့ပစ်တော့မှာလား။
အပိုင်း (၄) ဆက်လက် ရေးသားပါမည်။
မှာချင်တယ် ၀င်းကြည်မရယ် (၄)
ကိုယ့်ဘ၀ ကိုယ့်အခြေအနေ ဘယ်လောက်ပဲ မြင့်မားမြင့်မား နင်က တောသူမက တောသူမပဲ။ မြို့အသွင်အပြင် မြို့ဟန်ပန်တွေ ဘယ်လိုပဲ ပေါက်ပေါက် ဘယ်လိုပဲ ရောက်ရောက် ဒါက အသွင်ပဲ ဖြစ်မှာ။
ထားပါတော့လေ နင် ငယ်ငယ်က အသံသိပ်ကောင်းတာပဲနော်။ ရွာဦးကျောင်းဆရာတော်ကဆို ကဗျာတွေ သင်ပေးရင်းနဲ့ နင့်ကိုပဲ ဦးဆောင်ဆိုခိုင်းခဲ့တာနော်။ နင်ဆိုခဲ့တဲ့ ကဗျာတွေထဲက ငါမှတ်မှတ်ရရ ဖြစ်ခဲ့တဲ့ ကဗျာတပုဒ်ရှိခဲ့ဖူးတယ်။
နင် အားရပါးရ ငါတို့ကို ဦးဆောင်ပြီး ဆိုခဲ့ တိုင်ပေးခဲ့တာလေ။ အဲဒီကဗျာလေးကို ငါ မှတ်မှတ်ရရ ရှိနေခဲ့တယ်။ ခေါင်းစဉ်က “ စဉ်းစားပါအေ့ လုံမငယ်” ကဗျာလေ။
နင်ဆိုခဲ့တဲ့ ကဗျာလေးတွေထဲမှာ အဲဒီ ကဗျာလေးက နင့်အသံနဲ့ရော နင့်ရုပ်နဲ့ပါ လိုက်လွန်းအားကြီးလို့ ငါ မှတ်မှတ်ရရ ရှိနေတာ။ ဒီလောက်ပြောရင် နင်မှတ်မိလောက်ရောပေါ့။
တကယ် နင် မမှတ်မိဘူးဆိုရင်လည်း ငါ ပြန်ပြော ရတာပေါ့ဟာ။
နှုတ်ခမ်းနီ ပါးနီ၊ ဆံနွယ် သ လို့၊ မျက်ခွံအလှ မိတ်ကပ်ခြယ်။
ကိုယ်လုံးလှအောင်၊ ဉာဏ်ဆင်ကြတော့၊ ကိုယ်လုံးကတော့ မက်စဖွယ်။
ကိုယ်လုံးလှတာ၊ တန်ဖိုးလားဟေ့၊ စဉ်းစားပါဟေ့၊ လုံမငယ်။
နှလုံးလှသာ၊ ရှာမှ ရှားကွဲ့၊ ဉာဏ်ကြီးရှင်များ ကြည်ညိုတယ်။
မှတ်ကွယ် မှတ်ကွယ် . . . ။
နင်က ကဗျာရဲ့ အဓိပ္ပါယ်ကို ငါ့ထက် ပိုသိနေတော့ ရှင်းမပြတော့ပါဘူး။
ဒါပေမယ့် ဟာ ငါ့ရဲ့ ကိုယ်ပိုင်အမြင်က နင့်ခန္ဓာကိုယ်ကို နင် ဘယ်လောက် ပြင်ပြင် ၊ နင့် ခန္ဓာကိုယ်က ဘယ်လောက်ကြီးပဲ လှလှ၊ နင့်ရဲ့ စိတ်သဘောထားက မလှဘူး၊ နင့်စိတ်ထားကို မပြင်ဘဲ နင်ရဲ့ ပင်ကိုယ်မူလ ဘ၀ကို မေ့နေရင်၊ နင့် ရဲ့ အလိုဆန္ဒနောက်ကို နင် အလိုလိုက်ပြီး နင့်အမေကို နင် မေ့နေမယ်ဆိုရင်၊ နင့်ရဲ့ အတ္တလောဘကိုပဲ ရှေ့တန်းတင် စဉ်းစားနေမယ်ဆိုရင်၊ နင့်ဆီကို တန်ဖိုးရှိတဲ့ သူတွေ၊ မျှဝေ ခံစားပေးမယ့်သူတွေ ဘယ်တော့မှ ရောက်လာမှာ မဟုတ်တော့ဘူး။ နင့်ရဲ့ အပေါ်ယံ အရေပြားကို သုံးဆောင် ခံစားချင်တဲ့ သူတွေသာ နင့်ဆီ ရောက်လာတော့မှာပေါ့။
အဲဒါဆို နင့်နောက်မှာ နင့်ကို အားကိုးတကြီးနဲ့ မျှော်လင့်နေတဲ့ နင့်အမေကို နင် ဘယ်လိုလုပ်မလဲ။
ငါ ဒီလောက်စကားတွေ အရှည်ကြီးပြောနေရတာက ငါနဲ့နင်ဆိုတာ ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်။ သူငယ်ချင်းဆိုတာ အကောင်းအဆိုးကိုတော့ ပွင့်ပွင့်လင်းလင်း ပြောရမှာပဲ။
နောက်ပြီး နင့်ကို ငါက တာဝန်ယူပြီး မြို့ပေါ်ကို ခေါ်တင်လာတာ။ နင် က ရှေ့ကနေ မကောင်းတာတွေ လုပ်ပြနေရင် ငါက နင့်အမေနဲ့ ရွာကို ဘယ်လို မျက်နှာပြရမလဲ။ ပြီးတော့ လောလောဆယ် ငါက မြတ်ဗုဒ္ဓရဲ့ သာသနာ့ဘောင့်ထဲက ကိုရင်။ နင့်ကို ငါ ပြောရမဲ့ ၀တ္တရားတွေ ရှိနေလို့ ပြောရတယ်ဆိုတာ နားလည်ပေးပါ ၀င်းကြည်မရယ်။
ကိုရင်ပညာသာမိလည်း စကားအရှည်ကြီး ပြောလိုက်ရ၍ မောမောပန်းပန်းရှိသည်နှင့် ခေတ္တခဏ ငြိမ်သက်နေစဉ် ၀င်းကြည်မလဲ သက်ပြင်းအခါခါ ချကာ စဉ်းစားခန်းဝင်နေမိ၏။ ထို့နောက် ကိုရင် ပညာသာမိက ၀င်းကြည်မအား -
မနက်ဖြန် ငါ ရွာကို ပြန်မလို့ နင်ဘာမှာအုံးမလဲ။ နင်ရတဲ့ လခတွေရော နင့်အမေဆီ မှန်မှန် ပြန်ပို့ဖြစ်ရဲ့လား။ ဆံပင် ဖြောင့်တာ၊ မိတ်ကပ်ဝယ်တာ၊ အ၀တ်အစားချုပ်တာတွေနဲ့ ကုန်ပြီထင်တယ်။ ငါ ထပ်ပြောချင်တယ် ၀င်းကြည်မရယ်၊ နင် ဒီရန်ကုန်မြို့ပေါ်ကို ဘာကြောင့် အလုပ်လာလုပ်ရတယ်ဆိုတဲ့ နင့်ရဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်ကို မေ့ မပစ်ပါနဲ့။ နင် မေ့သွားတဲ့ နေ့ဟာ နင်ဘ၀ရဲ့ ကံအဆိုးဆုံး နေ့တနေ့လို့ပဲ မှတ်ထားလိုက်။
ဘာဖြစ်လို့လည်းဆိုတော့ နင့်အမေအပေါ်ကို တာဝန်မကျေခဲ့တဲ့ နင်ဟာ နင် သားသမီးတွေ ရလာတဲ့ အချိန်မှာ နင့် အပေါ်မှာ ပြန်ပြီး တာဝန်ကျေလိမ့်မယ်လို့ နင် မထင်နဲ့။ အတုံ့အလှည့်ဆိုတာ အမြဲရှိတယ်။ ရှေးက ၀ိပါက် ခုနစ်ရက်လို့ ပြောကြပေမယ့်။ အခု ၀ိပါက်က နောက်ပိုးတက်နေပြီ။ နင်လည်း သိပြီးသားပါဟာ။ ငါလည်း စိတ်ပူလို့သာ ပြောနေရပေမယ့် နင်က အသိပညာ ရှိပြီးသား မိန်းကလေး တယောက်ပါ။
ကျေးဇူးတင်ပါတယ် ကိုရင်သာမိရယ်။ တပည့်တော်လည်း တပည့်တော်ဘ၀ကို ခဏမေ့ပြီး ရန်ကုန် ရွှေမြို့သူတွေနဲ့ နှိုင်းယှဉ်နေမိလို့ပါ။ မိန်းကလေးဆိုတော့ သူတို့ဝတ်တာတွေကြည့်၊ သူတို့သုံးတာတွေ အားကျမိပြီး အတုယူ အားကျပြီး လိုက်လုပ်နေမိတယ်ဆိုတာတော့ ၀န်ခံပါတယ်။ အမှန်တကယ်တော့ သူတို့ဘ၀နဲ့ တပည့်တော်ဘ၀က မတူညီမှန်း သဘောပေါက်ပါပြီ။ တပည့်တော်ကို ခုလို အသိပေး၊ ဆုံးမတာတွေကို ကျေးဇူးတင်လို့ မဆုံးပါဘူး။
အမေ့ဆီကိုတော့ ငွေပို့ဖြစ်ပါတယ်။ အမှန်အတိုင်း ပြောရရင် တပည့်တော် ပို့သင့်သလောက် ပိုက်ဆံ မပို့ဖြစ်ပါဘူး။ မြို့သူတွေလို လိုက်သုံးနေမိတော့ တပည့်တော်မှာ အပို ပိုက်ဆံ သိပ် မစုမိဖြစ်ဘူးလေ။ အမေနဲ့ ရွာက သူငယ်ချင်းတွေဆီ သတိရကြောင်း၊ သာကြောင်း၊ မာကြောင်း၊ အဆင်ပြေကြောင်း စာရေးလိုက်ပါ့မယ်။
ရွာဦးကျောင်းဆရာတော်ဆီကိုတော့ စာမရေးတော့ဘူး။ ကိုရင် အဆင်ပြေသလိုသာ ကြည့်ပြီး လျှောက်ထားပေးပါ။ လာမယ့်နှစ်ဆို ကိုရင် ပဇင်းတက်တော့မယ်နော်။ ကိုရင်တောင် အသက် (၂၀) ပြည့်တော့မှာပါလား။
ကိုရင့် ပဇင်းတက်ပွဲမှာ ရှင်းလောင်းလှည့်အုံးမှာ မဟုတ်လား။ အဲဒီတော့မှ အေးမတို့နဲ့အတူ ကွမ်းတောင်ကိုင်ဖို့ ရွာကို ပြန်တော့မယ်။ ကိုရင် သိတဲ့ အတိုင်းပဲ တပည့်တော် မရှိရင် ရွာက ကွမ်းတောင်ကိုင် အပျိုတွေ မျက်နှာငယ်နေလိမ့်မယ်။
နောက်ပြီး ပဇင်းတက်ပွဲမှာ ကိုရင့်ကို သင်္ကန်းပရိက္ခရာတွေ လှူဒါန်းနိုင်ဖို့ ဒီနှစ် ကြိုးစားပြီး ပိုက်ဆံစုလိုက်အုံးမယ်။ အသုံးစာရိတ် ချွေတာပြီး အမေ့ဆီကို ဒီ့ထက် ပို့နိုင်အောင် ကြိုးစားပါ့မယ်။ အရှင်ဘုရား မှာတာတွေကိုလဲ ၀င်းကြည်မ သြော် မှားလို့ပါဘုရား တပည့်တော်မ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်လို့ ကတိပေး လျှောက်ထားပါတယ်ဘုရား။
ကိုရင် ပညာသာမိလည်း ၀င်းကြည်မ လျှောက်ထားသော စကားများကို သာဓုခေါ်ဆိုကာ၊ သူမ ရေးပေးလိုက်သော စာများကို စောင့်ဆိုင်းရယူကာ နင်နဲ့ နင့်အမေ ကောင်းစားဖို့အတွက် “မှာချင်တယ် ၀င်းကြည်မရယ်” ဟု စိတ်ထဲမှာ ရေရွတ်ရင်း ၀မ်းသာကြည်နူးသောစိတ်၊ ပေါ့ပါးသော ခြေလှမ်းတို့ဖြင့် လာလမ်းခရီးအတိုင်း မြန်းခဲ့လေတော့သတည်း။
မောင်ပညာ (မန်းတက္ကသိုလ်)
No comments:
Post a Comment